Home Facebook Funny Model Over 18 Photoshop song သတင်း မှူခင်း ရုပ်ရှင် ဂီတ သဘင် အနုပညာ ဆောင်းပါး ဗဟုသုတ ထူးဆန်းထွေလာ နည်းပညာ ဂိမ်း သင်္ကြန် song ဆိုတေး မန်ယူ ဓမ္မတေး နိုင်ငံတကာသတင်း ကျန်းမာရေးဗဟုသုတ ဘလော့နည်းပညာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

ရန်ကုန်မိုးကို ဆယ့်နှစ်ဘီလီယံဖြင့် ခုခံမည်

‘‘မိုးတွင်းမှာ မြောင်းရေလျှံတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ’’

စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)က သတင်းထောက်များနှင့် သူ၏ရုံးခန်းအတွင်း တွေ့ဆုံရာတွင် မိုးတွင်းမြောင်းရေလျှံမှုကိစ္စများ မေးမြန်းရာ၌ ထိုကဲ့သို့ ဖြေကြားခဲ့ဖူးသည်။

တကယ်တမ်းတော့ ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပါ။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ လျစ်လျူရှုခံထားရသည့် မြို့ပြစီမံကိန်းကြီးတစ်ရပ်ပဲ ဖြစ်ပါသည်။ ရေစီးရေလာ ကောင်းမွန်မှုအတွက် ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ခြင်း၏ အကျိုးဆက်ကို ပြည်သူများသာလျှင် ခံစားခဲ့ရပါသည်။

ယခုတော့ ထိုကိစ္စကို သမ္မတဦးသိန်းစိန်က ပြန်လည်ဖော်ထုတ်လိုက်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရေး စီမံကိန်းကို ယခုနှစ်ဇန်န၀ါရီမှ မေလ ၃၀ ရက်အထိ နိုင်ငံတော်က ဘတ်ဂျက် ၁၂ ဘီလီယံကျော် သုံးစွဲခွင့်ပြု၍ ဆောင်ရွက်ခိုင်းထားသည်။ များပြားသည့် ငွေကြေးများ သုံးစွဲထားသည့် စီမံကိန်းဖြစ်သောကြောင့်
ယခုတစ်ကြိမ်ပြီးလျှင် နောက်ထပ်တစ်ကြိမ် ပြန်မစရအောင် ဆောင်ရွက်နေသူများက စနစ်တကျလုပ်ဆောင်သွားရန်လိုအပ်ပြီး ပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်သည်။

နှစ်စဉ်ရေကြီးရေလျှံ၍ သွားလာရခက်ခဲရသည့် အခြေအနေများကို တွန်းလှန်နိုင်ရန် သမ္မတက ဒုတိယ၀န်ကြီးသုံးဦးကို တာဝန်ပေးအပ်ခဲ့သည်။ ရေရှည်စီမံကိန်းမဟုတ်ဘဲ လေးလအတွင်း အကောင်အထည်ဖော်ရမည့် အထူးဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည်။

မြို့ပြလူထုအတွက် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ယခုနှစ်မိုးမကျမီ အပြီးသတ်ဆောင်ရွက်နိုင်ရန် ညွှန်ကြားလိုက်သည့်အတွက် လူအင်အား၊ စက်အင်အားများစွာ သုံးစွဲ၍ ရန်ကုန်တိုင်းအတွင်း အဓိက မြောင်းများ၊ ချောင်းများကို နေ့ရောညပါ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

‘‘ကျွန်တော်တို့ဆီမှာ စီမံကိန်းတစ်ခုလုပ်ရင် စနစ်တကျလုပ်လေ့မရှိဘူး။ ဒါကြောင့် တစ်ခုပြင်ရင် တစ်ခုကပျက်နေရတယ်။ ရေမြောင်းပြင်တော့ လမ်းပျက်၊ လမ်းပြင်တော့ ဖုန်းလိုင်းပျက်။ အဲဒီလိုပေါ့။ ဒါကြောင့် ရေတိုမှာ လူမြင်ကောင်းဖို့ထက် ရေရှည်အတွက် အဘက်ဘက်က စနစ်တကျပြင်ဆင်ပြီး ပြုပြင်သင့်တယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သည့် စာရေးဆရာဦးဟန်ဇော်ကပြောသည်။

ရန်ကုန်မြို့၏လမ်းများသည် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသည့်အတွက် မိုးတွင်း၌ သွားလာရခက်ခဲလေ့ရှိသည်။ မိုးများသည့်အချိန်တိုင်း မြို့၏ လမ်းဘေးမြောင်းများမှာ ပိတ်ဆို့နေသည့် အမှိုက်များကြောင့် ရေစီးရေလာကောင်းမွန်ခြင်းမရှိဘဲ လမ်းပေါ်သို့ လျှံထွက်လာတတ်သည်။ ထိုအခြေအနေကို အစိုးရက ထိရောက်စွာပြုပြင်ဆောင်ရွက်ခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ပင်ကျော်ခဲ့ပြီ။

လမ်းဘေးမြောင်းအတွင်းရှိ ပိတ်ဆို့အမှိုက်များ တူးဖော်ဖယ်ရှားခြင်းများကို မြို့တော်စည်ပင်က ဆောင်ရွက်ပါသော်လည်း အဓိကကျသည့် ရေတံခါးများ၊ နုန်းတင်နေသည့် ချောင်းမြောင်းများကို ထိရောက်စွာ ရှင်းလင်းနိုင်ခြင်းမရှိခဲ့သဖြင့် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေလျှံမှုက ပုံမှန်ဖြစ်တတ်စမြဲပင်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက ဤကိစ္စကို အထူးအရေးကြီးစီမံကိန်းအဖြစ် သတ်မှတ်၍ ယခုနှစ်မှစတင်ကာ မိုးမကျမီအတွင်း အပြီးသတ်ဆောင်ရွက်ရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီမှ ဒုတိယ၀န်ကြီးသုံးဦး ခေါင်းဆောင်သည့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရန် ထိန်းသိမ်းရေး ကော်မတီတစ်ရပ်ကို အရေးပေါ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

‘‘မိုးမကျမီတော့ မပြီးနိုင်ဘူး။ တစ်နှစ်လောက်နဲ့ကို မပြီးနိုင်ဘူး။ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းမှာရှိတဲ့ မြေအောက်မြောင်းတော်တော်များများက အင်္ဂလိပ်လက်ထက်ကအတိုင်းပဲ။ အဓိက မြေအောက်မြောင်းကြီးတွေ ပြင်ရမယ်။ လမ်းဘေးမြောင်း အနက်နဲ့ အကျယ်တွေပြင်ရမယ်။ မြောင်းတွေပြင်ဖို့ မြေနေရာလိုဦးမယ်။ ပလက်ဖောင်းမြင့်မြင့်တွေ လိုဦးမယ်’’ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ကိုမိုးချိုက သူ၏အမြင်ကိုပြောသည်။

သို့သော် ‘‘လာမယ့်မိုးတွင်းမှာ သိသာတဲ့ အကျိုးခံစားရမယ်လို့ ယုံတယ်’’ဟု လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်က ယုံကြည်ထားသည်။ မကြာမီကျရောက်မည့် သင်္ကြန်တွင်အဖွဲ့အားလုံးအနေဖြင့် မိမိတာဝန်ယူထားသည့် နယ်ပယ်အလိုက် ဖိဖိစီးစီး ဂရုတစ်စိုက် လုပ်ဆောင်ပေးကြရန်လည်း ဒုဝန်ကြီးက မေတ္တာရပ်ခံထားသည်။

ရေစီးရေလာကောင်းမွန်ရေးကော်မတီဥက္ကဋ္ဌမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်ဇော်၊ လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဦးကျော်စိုးတို့ ပါဝင်ကြသည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးနှင့် ဌာနမှူးများ၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာနတို့အပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ကုမ္ပဏီသုံးဆယ်ခန့်ကလည်း ၀င်ရောက်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

လက်ရှိဆောင်ရွက်မှုအနေဖြင့် မြို့တွင်းခြောက်မြို့နယ်၏ ရေထွက်ပေါက်များ၊ မြစ်ထွက်ပေါက်များ၊ ရေနုတ်မြောင်းများကို အမှိုက်နှင့်နုန်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောက်လုပ်ခြင်းများကို အချိန်မီပြီးစီးရန် ဆောင်ရွက်နေပြီး မြို့နယ်အလိုက် လုပ်ငန်းရှင်များကိုလည်း ပါဝင်ကူညီရန် တာဝန်ပေးထားသည်ကို တွေ့ရသည်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ မြောက်ဥက္ကလာပမြို့နယ်တို့တွင်လည်း လမ်းအလိုက် ရေနုတ်မြောင်းများ တူးဖော်လျက် ဆင်ဖုံချောင်း၊ ငမိုးရိပ်ချောင်း၊ တိုးကြောင်ကြီးရေတံခါး စသည့် အဓိကကျသည့်နေရာများရှိပြီး တူးဖော်ခြင်းကို စက်ယန္တရားကြီးများဖြင့် လုပ်ဆောင်နေပြီး ချောင်းကြီးများအတွင်း သောင်တူးစက်ရေယာဉ်ကြီးများဖြင့် ချဲ့ထွင်တူးဖော်လျက်ရှိသည်။

‘‘ရပ်ကွက်တွေ အကူအညီယူပြီး ဆောင်ရွက်နေပါတယ်။ သင်္ကြန်တွင်းမှာ တူးဖော်မှုကို ရပ်နားမှာမဟုတ်ပါဘူး။ တစ်မိုးတွင်းလုံးလည်း ဆက်တူးသွားမှာ ဖြစ်ပါတယ်။ ရပ်ကွက်လူထုက ပြောစရာမလိုအောင် ကူညီကြတယ်။ သဘောကျကြပါတယ်’’ဟု ရန်ကုန်မြို့တော်စည်ပင်၊ လမ်း/တံတားဌာနမှူး ဦးတင်မောင်ကြည်ကဆိုသည်။

မြို့ရွာအိုးအိမ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးကလည်း ‘‘မကြာခဏပြိုကျတတ်တဲ့ မြောင်းတွေကို အုတ်မြောင်းတွေအဖြစ် ပြုလုပ်ပါတယ်။ ရေနစ်မြုပ်လေ့ရှိတဲ့ ရပ်ကွက်တွေ အဆင်ပြေသွားမှာဖြစ်ပါတယ်။ တချို့နေရာမှာ ရပ်ကွက်နဲ့ ညှိနှိုင်းဆဲအခြေအနေ ရှိပါတယ်။ လမ်းပေါ်က ဆိုင်ခန်းတွေ မပျက်စီးအောင် သတိထားရပါတယ်’’ဟု ပြောသည်။

ရေစီးရေလာကောင်းမွန်ရေးကော်မတီက ဌာနအသီးသီးဖြင့် ပေါင်းစပ်ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို မေလ ၃၀ ရက်နေ့ ရည်မှန်းချက်ထားရှိသော်လည်း အချိန်မီပြီးစီးနိုင်ခြင်း ရှိနိုင်မည်ကို ပြည်သူများအနေဖြင့် သံသယ၀င်မှုတချို့ရှိသည်။ စီမံကိန်းအတွက် ချထားပေးသော နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း အလဟဿ အလေအလွင့်ဖြစ်မည်ကိုလည်း ပြည်သူတို့က စိုးရိမ်ကြသည်။

လုပ်ငန်းအားလုံးကို ခြုံငုံကြည့်ပါက ပြီးစီးမှုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး ဧပြီလကုန် (သို့မဟုတ်) မေလလယ်ခန့်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရန် ကတိပြုထားကြသည်။ ကတိအတိုင်းသာ အချိန်မီပြီးစီးပါက ယခုမိုးရာသီတွင် ရည်မှန်းချက်အတိုင်း အောင်မြင်မှု ရှိ၊ မရှိကို စောင့်ကြည့်ရမည်ဖြစ်သည်။

ရန်ကုန်မြို့နယ်များအတွင်း ရေစီးရေလာကောင်းမွန်ရေးကို အစိုးရက ကြိုးပမ်းအားထုတ်နေချိန်တွင် ပြည်သူများကလည်း ပါဝင်ကူညီရန် လိုအပ်ပေသည်။ ထို့အတွက် ကော်မတီကလည်း မြို့တော်နေပြည်သူများကို စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုများကို လိုအပ်သလို ထုတ်လွှင့်စည်းရုံးပညာပေးရန် လိုအပ်နေသည်။

ရေနုတ်မြောင်းများအနီး ရောင်းချသည့် ဈေးဆိုင်များ၏ စွန့်ပစ်အမှိုက်များ စနစ်တကျရှိစေရန် လေ့ကျင့်ပညာပေးခြင်း၊ တိုက်ခန်းနောက်ဖေးလမ်းကြားများရှိ မြောင်းများကို အနည်းဆုံး နှစ်ပတ်တစ်ကြိမ် သတ်မှတ်ရက်တစ်ခုထား၍ ရှင်းလင်းပြီး ကားဖြင့် တစ်ပါတည်းသိမ်းယူခြင်း၊ ရေနုတ်မြောင်းများရှိ အမှိုက်ထားသည့်နေရာများကို မြို့နယ်အလိုက် သိသာသည့် သင်္ကေတလမ်းညွှန်မှုများ စိုက်ထူ၍ ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။

‘‘အရင်နှစ်တွေထက်ပိုပြီး ထိထိရောက်ရောက် လုပ်နေသလိုပဲ။ မလုပ်တာနဲ့စာရင်တော့ အရမ်းကောင်းတာပေါ့။ အတိုင်းအတာတစ်ခုအထိတော့ အကျိုးခံစားရမှာပါ။ တဖြည်းဖြည်းသွားရမှာပေါ့။ အင်အားအလုံးအရင်းနဲ့ မြန်မြန်လုပ်ချလိုက်ရင်တော့ ပိုထိရောက်မယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အသက်(၃၉)နှစ်အရွယ် ကျူရှင်ဆရာဦးမျိုးသန့်က မှတ်ချက်ပေးသည်။

နှစ် ၂၀ ကျော်တိုင် မပြုပြင်လာခဲ့သည့် လုပ်ငန်းများဖြစ်သည့်အတွက် အခက်အခဲများစွာရှိနိုင်မည်ဖြစ်သကဲ့သို့ ချထားပေးသည့် ရန်ပုံငွေကိုလည်း အဖိတ်အစဉ်မရှိစေရန် ဆောင်ရွက်သင့်ပြီး ကုမ္ပဏီများ၏ဆောင်ရွက်မှုကို ကော်မတီက ကြီးကြပ်စိစစ်သင့်ပါသည်။

‘‘ကော်မတီဥက္ကဋ္ဌအနေနဲ့တော့ မြေပြင်လုပ်ငန်း ကွင်းဆင်းစစ်ဆေးတိုင်း တာဝန်တစ်ရပ်လိုအပြင် ကုသိုလ်ဖြစ်လုပ်ငန်းလို့ နှလုံးသွင်းလုပ်ဖို့ တာဝန်ခံများကို အမြဲမှာကြားလေ့ရှိပါတယ်’’ဟု ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲသူဝင်းကရှင်းပြသည်။

ရေစီးရေလာကောင်းမွန်ရေးသည် ပြည်သူများအတွက် လူမှုဘ၀နှင့် ကျန်းမာရေးအတွက်ပါ အကျိုးရှိသည့်ကိစ္စရပ်ဖြစ်သည်။ သတ်မှတ်ထားသည့်ကာလ ပြီးဆုံးပါက အရေးပေါ်ကော်မတီ၏ တာဝန်များကို မြို့တော်စည်ပင်က လွှဲပြောင်းယူ၍ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ရာ ယခင်ကဲ့သို့ ပြန်မဖြစ်စေရန် စေတနာနှင့် အစဉ်အမြဲ လုပ်ဆောင်နေသင့်သည့်လုပ်ငန်း ဖြစ်သည်။ သို့မှသာ ဘဏ္ဍာငွေကုန်ကျစရိတ် ထပ်မံမသုံးစွဲရတော့မည်ဖြစ်သည်။ နှစ်၂၀ ကျော် မဆောင်ရွက်ခဲ့သည့်အတွက် ယခုမှ လုပ်ဆောင်ရာတွင် ကုန်ကျစရိတ် ကြီးမားသွားရသည်။

‘‘ရန်ကုန်လူဦးရေက ငါးသန်းဆိုပါစို့။ ဒီလူတွေ အမှိုက်ကို စနစ်တကျစွန့်ပစ်ပါရဲ့လား၊ စည်းကမ်းတွေ ဥပဒေတွေကို ဘယ်လောက်လိုက်နာသလဲဆိုတာက အရေးပါတယ်။ စည်းကမ်းမဲ့နေဦးမယ်ဆိုရင်တော့ ငွေကုန်ခံပြီး ဘယ်လောက်ပဲလုပ်လုပ် ရေစီးရေလာမကောင်းတဲ့ မြောင်းရေလျှံတာတွေဖြစ်နေဦးမှာပဲ’’ဟု ရေကြောင်းထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနမှ အမှုဆောင်အင်ဂျင်နီယာ ကိုအောင်စိုးမိုးကသုံးသပ်သည်။

မကြာမီ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုရန် ရှိပါသည်။ သမ္မတ လာရောက်စစ်ဆေးမည့်အချိန်တွင် လုပ်ငန်းအောင်မြင်ပြီးစီးမှုရှိရန် အမြန်ဆုံးလုပ်ကိုင်ကြရသော်လည်း အပေါ်ယံအမြင်ကောင်းအောင် လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ အမှန်တကယ် စနစ်တကျ ဖိစီးဆောင်ရွက်ထားဖို့ လိုအပ်ပါသည်။ ဒါမှသာ မြို့ပြပြည်သူများသာမက နောင်လာနောက်သားများအတွက်လည်း အဆင်ပြေပေလိမ့်မည်။

မိုးရာသီ၌ မြောင်းရေလျှံခြင်းသည် မြို့တော်ဝန်ဟောင်း မှတ်ချက်ပေးသကဲ့သို့ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စမဟုတ်ပါ။ ရေစီးရေလာကောင်းမွန်ရေးကို လျစ်လျူရှုခဲ့ကြ၍ ပြည်သူများသာခံစားရသည့် အကျိုးဆက်သာ ဖြစ်ပါသည်။         ။

ဥက္ကာကိုကို

7Day News Journal အတွဲ (၁၃)၊ အမှတ်(၅)


No comments:

Post a Comment

Blogger...
No Title Singer Listen/Download Size
1 မောင့်ချစ်သူ သားသား Click Here !! 2.00 MB
2 အဝေးရောက်ချစ်သူ ဆိုတေး Click Here !! 2.00 MB
3 တောင်းပန်တယ် အောင်လ Click Here !! 2.00 MB
4 အချစ်ကိုသိချိန် မီးမီးခဲ Click Here !! 2.00 MB
5 ဒွိဟ Bobby Soxer Click Here !! 2.00 MB
6 နာရီတွေ ရပ်ထားမယ် ကောင်းကောင်း Click Here !! 2.00 MB
7 သနပ်ခါးချစ်သူ Rဇာနည် Click Here !! 2.00 MB
8 လိုက်ဖက်တဲ့ဘဝ Rဇာနည် ဝိုင်းစုခိုင်သိန်း Click Here !! 2.00 MB
9 နင်မရှိရင် Bunny Phyo Click Here !! 2.00 MB
10 အပိုဆု ဆောင်းဦးလှိုင် Click Here !! 2.00 MB
11 သုည လင်းလင်း Click Here !! 2.00 MB
12 နှလုံးသား အရင်းအနှီး အိုင်းရင်းဇင်မာမြင့် Click Here !! 2.00 MB