ဆေးပြားပေါင်း ဆယ်သိန်း၊ ကျပ်သိန်းပေါင်း ငါးသောင်းတန်ဖိုးရှိ
စိတ်မူးယစ်ဆေးပြားများကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မတ်လ ၈
ရက်က ဖမ်းဆီးရမိလိုက်သည်။
“ကျွန်တော်တို့ မြယာကုန်းမှာ နှစ်သိန်း (ဆေးပြား)၊ အိမ်မှာ
ရှစ်သိန်း(ဆေးပြား)၊ စုစုပေါင်း ၁၀ သိန်း (ဆေးပြား) ဖမ်းဆီးရမိ ထားပါတယ်။
အသေးစိတ်အချက်အလက်တော့ ပြောလို့မရသေးပါဘူး၊ မကြာခင်
ထုတ်ပြန်ပေးသွားမှာပါ”ဟု မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့သည့်
မူးယစ်တပ်ဖွဲ့စုမှူး ဖြစ်သူ ရဲမှူးခင်မောင်သိန်းက မဇ္ဈိမ၏
ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မတ်လ ၈ ရက် ညနေက ကြိုတင်သတင်းရရှိထားသူများကို မူးယစ်တပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့သည် ညနေ ၆ နာရီကျော်အချိန်၌ မူးယစ်ဆေးဝါး သတင်းရရှိထားသူ နှစ်ဦး စီးနင်းလာသည့် တက္ကစီယာဉ်တစ်စီးကို မြယာကုန်းလမ်းတွင် စောင့်ဆိုင်းဖမ်းဆီး၍ ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတစ်ခုသို့ ခေါ်ဆောင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါ တက္ကစီယာဉ် နောက်ခန်းတွင် ပီနံအိတ်အဖြူရောင်ဖြင့် ထည့်ထားသည့် WY စာတန်းပါ အနီရောင် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း နှစ်သိန်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဖမ်းဆီးရမိသူများအား စစ်ဆေးပေါ်ပေါက်ချက်အရ တာမွေမြို့နယ်ရှိ ၎င်းတို့အိမ်တစ်ခုသို့ မူးယစ် ဆေးဝါးဖမ်းဆီးရေးတပ်ဖွဲ့ဝင်များက ရှာဖွေခွင့်ဝရမ်းနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ အိမ်အတွင်းမှလည်း WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားပေါင်း ရှစ်သိန်းကို ပီနံအိတ်များ အတွင်း ထည့်လျက်ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများ တန်ဖိုးမှာ ငွေကျပ်တန်ဖိုးအားဖြင့် သိန်းပေါင်းငါးသောင်းတန်ဖိုးရှိပြီး ဖမ်းဆီးရ မိသူ နှစ်ဦးကို အရေးယူပေးရန် မူးယစ်တပ်ဖွဲ့က အမှုဖွင့် တိုင်တန်းထားသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ နှစ်ဦးကို မင်္ဂလာတောင်ညွန့်ရဲစခန်းက မယ(ပ)၈/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၁၅/၁၉(က) /၂၁ ဖြင့် အရေးယူရန် ဆက်လက် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ဇော်ဇော်ထွေး /mizzimaburmese

No comments:
Post a Comment