မုံရွာ၊ မဇ္ဈိမ။ ။ မုံရွာမြို့၊ ချင်းတွင်းမြစ်ထဲတွင်
ဂျင်းဘောင်းဘီအရှည်၊ တီရှပ်ဝတ်ဆင်ထားသည့် အမျိုးသားအလောင်းတစ်ခု မတ် ၁၇
ရက်၊ နံနက် ၁၁ နာရီက တွေ့ရှိသည်ဟု မုံရွာမြို့နယ်၊
အထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ ပြောဆိုခွင့်ရှိသူက ပြောသည်။
မုံရွာတောင်ရပ်ကွက်၊ အောင်ဇေယျုံ ဇက်ကူးတို့ဆိပ်၏ အောက်ဖက်
ချင်းတွင်းမြစ်အတွင်း လူသေအလောင်းတွေ့ရှိသည်ကို မြို့မရဲစခန်းမှ
တာဝန်မှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသူသည် မတ် ၁၃ ရက် နံနက် ၄ နာရီက မုံရွာမှ၊ ဟုမ္မလင်းသို့ ပြေးဆွဲသည့် ရွှေနဒီ ခရီးသည်သယ်ယူပို့ဆောင်ရေး အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် ခရီးသည် ကိုပစ်ရှင်း(ခ) မိုးစက်ပစ်ရှင်း ဆိုသူ ဖြစ်နိုင်ဖွယ်ရာရှိကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသည့် ရဲအရာရှိတစ်ဦးက ခန့်မှန်းပြောသည်။
သေဆုံးသူမှာ ကိုပစ်ရှင်း(ခ) မိုးစက်ပစ်ရှင်း ဟုတ်/မဟုတ် စီစစ်နိုင်ရန်အတွက်လည်း ထိုသူ၏ ဆွေမျိုးသားချင်းများထံ ရဲဌာနက ဆက်သွယ်ထားသည်။
သေဆုံးသူသည် ခရီးသည်တင် အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူဖြစ်ခဲ့ပါက မုံရွာမြို့မရဲစခန်း၏ (ပ) ၈၁/ ၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၀ အမှုအား ပုဒ်မ ၃၀၄(က)သို့ ပြောင်းလဲဖွင့်မည်ဖြစ်ပြီး၊ ရေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးမဟုတ်ခဲ့ပါက သေမှုသေခင်းအရ ဆက်လက်၍ အရေးယူ ဆောင်ရွက်သွားမည်ဟု ရဲစခန်းမှူး ဒု-ရဲမှူး ကျော်ကျော်ညွန့်က ပြောသည်။
Written by ကိုတိုးကြီး /mizzimaburmese

No comments:
Post a Comment