တစ်နေ့ကျတော့ အဲဒီတောင်ပေါ်က ကျားဟိန်းသံကြီးကျားရသတဲ့။ အဲဒီအခါမှာ ကျားဟိန်းသံမကြားစဖူးမို့ တစ်ရွာလုံးက တုန်လှုပ်သွားကြတယ်။ ရွာလူကြီးကတော့ ဒီလိုပဲ ဖြတ်သန်းသွားလာတဲ့ ကျားတစ်ကောင်ပါ သိပ်စိတ်မပူဖို့ပြောတယ်။ နောက်နေ့ရောက်တော့ ရွာသားတွေ တောမတိုးရဲကြတော့ဘူး။ အိမ်မှာပဲ နေကြတော့တယ်။ကျားကိုကြောက်လို့ပေါ့။ အဲဒီနေ့ ညနေလောက်မှာပဲ ကျားဟိန်းသံကို ထပ်ကြားရသတဲ့။ ညဘက်တွေရော။ အတော်ကြာကြာ ဟိန်းသတဲ့။ အကုန်လုံးကလဲ ကြောက်ကုန်တာပေါ့။
နောက်နေ့ရောက်တော့ အိမ်ထဲက အိမ်ပြင်တောင် နေ့ခင်းကြောင်တောင်လောက်ပဲ ထွက်ရဲကြတယ်။ ယာတွေလဲ မလုပ်တော့ဘူး။ တောထဲတိုးဖို့ဆို ဝေလာဝေး။ ချုံပုတ်က လှုပ်လှုပ်ဆို ကြောက်လို့ ပြေးကြရော။ရွာလူကြီးလဲ သစ်တောကို ဖုန်းဆက်တာပေါ့။ ကျားကိုနှိမ်နင်းပေးဖို့ပေါ့။ သစ်တောဌာနကလဲ ကျားပစ်တဲ့လူတွေ လွှတ်လိုက်မယ်ပေါ့။
အဲဒီနေ့ညလဲ ကျားဟိန်းသံတွေကြားရတုန်းပဲ။ ရွာသားတွေဆို အိပ်လို့တောင်မပျော်ဘူး။ ဘယ်သူ့အိမ်များကျားတက်မလဲ ဆိုပြီးတော့ နားစွင့်ထားကြတယ်။ မနက်ရောက်တော့ အိမ်သာတောင်ထွက်မတက်ရဲကြဘူး။နေ့လည်လောက်တော့ ကျားပစ်တဲ့လူတွေ ရောက်လာတယ်။ ရွာသားတွေလဲ အားတက်သွားကြတာပေါ့။ ဒါပေမယ့် အိမ်အောက်ကို မဆင်းရဲသေးဘူး။
ကျားမုဆိုးတွေလဲ ရွာထဲက ဘယ်သူလမ်းပြမလဲ ဆိုပြီးတော့ မေးတယ်။ ဘယ်သူမှ မထွက်ရဲဘူး။ နောက်တော့ ရွာခံတစ်ယောက်လိုက်သွားတယ်။ ရွာလူကြီးလဲ ကြောက်ကြောက်နဲ့ လိုက်သွားတယ်။ တောတိုးရင်းနဲ့ ညနေ စောင်းခါနီးဖြစ်လာတယ်။ ကျားမုဆိုးတွေလဲ ကျားကိုလိုက်ရှာတာ ခြေရာလဲမတွေ့ အီးပုံလဲမတွေ့ တောဝက်ခြေရာတွေပဲ တွေ့တယ်။ ခဏကြာတော့ သူတို့နောက်ကနေ ကျားဟိန်းသံထွက်လာပြန်ရော။ ကျားမုဆိုးတွေလဲ အသံကြားရာနောက်လိုက်ကြရင်းနဲ့ တောင်ပေါ်ယာတဲနားအရောက်မှာ စပီကာတစ်လုံးနဲ့ ဖုန်းတစ်လုံးကိုတွေ့သတဲ့။ ကျားဟိန်းသံကလဲ စပီကာကနေထွက်လာတယ်။ ယာတဲက လူတစ်ယောက် တဲထဲကထွက်လာတယ်။ ရွာသူကြီးလဲ မေးတာပေါ့ ဘာလို့လူတွေကို ဒီလိုခြောက်တာလဲလို့
ယာတဲက လူကတော့ ” သူ့ယာခင်းတွေကို တောဝက်တွေ လာလာဖျက်လို့ ၀က်တွေကြောက်အောင်ဆိုပြီး သူ့သူငယ်ချင်းက အကြံပေးသတဲ့။ စပီကာတစ်လုံးဝယ်ပြီးတော့ ဖုန်းထဲကို ကျားဟိန်းသံ ringtone ထည့်ပေးလိုက်သတဲ့။ ညနေနဲ့ ညဘက်တွေဆို အသံဖွင့်ပြီး မောင်းဖို့ပေါ့”
ရွာသားတွေရော ရွာသူကြီးရော ငိုရခက် ရယ်ရခက်နဲ့ နောက်တော့ တောင်ပေါ်ကနေ ကျားဟိန်းသံတွေ ကျားနေရသေးတယ်။ ရွာသားတွေကတော့ မကြောက်တော့ဘူး။ တောထဲဝင် သစ်ခုတ်ဝါးခုတ် လုပ်မြဲလုပ်ကြတာပေါ့။
ဒီအဖြစ်လေးကိုကြည့်ရင်းနဲ့ လူတစ်ယောက်ရဲ့ မစူးစမ်းမှုကြောင့် တစ်ရွာလုံး ဒုက္ခရောက်တဲ့အကြောင်းနဲ့ အကြောက်တရားအရမ်းကြီးတဲ့အတွက် မစူးစမ်းနိုင်ဘဲနဲ့ ဥသျှစ်သီးကြွေကျတဲ့ ယုန်သူငယ်လို အဖြစ်မျိုးမြင်တွေ့ရပါတယ်။
မောင်စိုင်း/
မြန်မာပြည်သား
အားလုံးပဲအဆင်ပြေပါစေဗျာ..အသစ်တစ်ဖန်မွေးဖွားခြင်းဘလော့လေးကို
လာလည်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်
http://gyizaw.blogspot.com/
No comments:
Post a Comment