လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ၆ လအလိုမှာ ပြင်ဆင်သင့်တဲ့ အကြောင်းအရာတွေကို ဥပဒေပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။
သူရဦးရွှေမန်း လမ်းညွှန်ထားတဲ့ အခြေခံမူတွေထဲမှာ ပြင်ဆင်ဖို့ ခက်ခဲအောင် လုပ်ထားတယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အကြောင်းအရာတွေကို အရင်ဆုံးလေ့လာသုံးသပ်အကြံပြုခြင်းအားဖြင့် ပြည်သူတွေရဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်စေမှုကို လျော့နည်းစေအောင် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
တခါ တပ်မတော်ရဲ့ လက်ရှိပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိစေနိုင်တဲ့ နည်းလမ်းတွေကို လေ့လာသုံးသပ်ဖို့၊ ဗဟိုဦးစီးစနစ်များနေတာကို လျှော့ချဖို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှ အခွင့်အရေးရရှိရေးတို့နဲ့ ပတ်သက်ပြီး လိုအပ်ရင် ပြင်ဆင်နိုင်ရေး လေ့လာသုံးသပ်ဖို့ အကြံပြုထားပါတယ်။
ဒါ့ပြင် နိုင်ငံသားတွေရဲ့ မူလအခွင့်အရေး၊ အမျိုးသားပြည်လည်ပေါင်းစည်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်အကြီးအကဲတွေကို ခန့်အပ်တာဝန်ပေးရာမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေကိုသာ ခန့်အပ်ဖို့ အချက်တွေ ထည့်သွင်းစဉ်းစားဖို့နဲ့ ပြည်ထောင်စု ဒီမိုကရေစီစနစ် (Federal Democracy) ကိုဖော်ဆောင်ဖို့ သူရ ဦးရွှေမန်းက မူဘောင်တွေ ချပေးထားပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီက ဒီကနေ့ အစည်းအဝေး တရပ်ခေါ်ယူကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက ပေးပို့တဲ့ လမ်းညွှန်ချက် မူတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားကြဖို့ သဘောတူဆုံးဖြတ်ခဲ့ကြတယ်လို့ ကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
“လွှတ်တော်ထဲမှာ နာယကကြီးကနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်ရေးအဖွဲ့တွေအနေနဲ့ ဘယ်လိုမူဝါဒမျိုးနဲ့ သွားရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကို ဖြန့်ဝေပေးလိုက်တယ်။ အဲဒီလမ်းညွှန်ချက်မူအတိုင်း ဆောင်ရွက်သွားကြမယ်ဆိုပြီး သဘောတူဆုံးဖြတ်ခဲ့ကြတယ်။ ဒါကတော့ လမ်းညွှန်ချက်မူသဘောမျိုးပဲ။ အရေးကြီးတဲ့ဟာကနေစပြီး အရင်တင်ပြထားတဲ့ အကြံပြုချက်တွေပေါ် မူတည်ပြီး လုပ်နည်းလုပ်ဟန်လေးကို ဒီနေ့ အတည်ပြုလိုက်ကြတာပါ။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေရေးရာကျွမ်းကျင်သူ ရှေ့နေ ဦးကိုနီကတော့ အခြေခံ ဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ရွေးကောက်ပွဲအထိ စောင့်မနေဘဲ အမြန်ဆုံးဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။
“ရွေးကောက်ပွဲမတိုင်ခင် ၆ လလို့ ရေးမယ့်အစား ၂၀၁၄ ခုနှစ်အတွင်းဆိုပြီး ဒီ့ထက်စောပြီး လမ်းညွှန်မှုပေးရင်ကော၊ ဒါလည်း စဉ်းစားစရာပေါ့။ ကျနော်ဆိုလိုချင်တာက လူတယောက်မှာ ရောဂါရှိနေရင် အဲဒီရောဂါကို အမြန်ဆုံး ပျောက်ကင်းအောင် ကုလိုက်တာက အကောင်းဆုံးပါပဲ။ ရောဂါရှိနေတာကို သိလျက်နဲ့ အချိန်ဆွဲကုရင် အဲဒီရောဂါကြောင့် လူနာဟာ ပိုပြီးခံရတယ်။ နာလန်ထဖို့လည်း ခက်ခဲပါတယ်။ ကျနော်တို့ နိုင်ငံဟာ နှစ်ပေါင်း ၅၀ အာဏာရှင်အောက်မှာ နေခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီဖွဲ့စည်းပုံလို့ ကြွေးကြော်နေပေမယ့် တကယ်တမ်းကျတော့ နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ်ကို အပ်ထားတဲ့ အာဏာရှင် ဖွဲ့စည်းပုံပဲ ဖြစ်နေတာပဲ။ ဒီလိုဖွဲ့စည်းပုံမျိုးနဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်လို့ မရဘူး။
ဒီဖွဲ့စည်းပုံကို မြန်မြန်ပြင်နိုင်မှ ကျနော်တို့ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနိုင်ငံကို မြန်မြန်တည်ဆောက်ခွင့်ရမယ်။ ကျနော့်အမြင်ပြောရရင်တော့ မြန်လေကောင်းလေပဲ။ အဲဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ၆ လအစား တနှစ်ဆိုရင် ပိုပြီး သဘောကျတယ်လို့ ပြောရမယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပုဒ်မ ၄၃၆ ကို အဓိထားပြင်ဆင်ရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ ပူးတွဲကြေညာထားတာပါ။
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ပြန်ကြားရေးတာဝန်ခံ ဦးအံ့ဘွယ်ကျော်ကတော့ ခုလို ပြည်ထောင်စုလွှတ်တော် နာယကက ဖွဲ့စည်းပုံအခန်း (၁၂)ကို အလေးထားပြင်ဆင်ဖို့ မူချပေးလိုက်တာဟာ အလားအလာကောင်းဖြစ်တယ်လို့ ပြောပါတယ်။
“ကောင်းတဲ့အလားအလာလို့ မြင်ပါတယ်။ ဒါပေမယ့် ပိုပြီးတော့ အားလုံးဆွေးနွေးညှိနှိုင်းပြီးတော့ ဒါကို အမြန်ဆုံး ဖော်ဆောင်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ကျနော်တို့က အန်အယ်လ်ဒီနဲ့ပူးတွဲပြီး အခန်း ၁၂ ပုဒ်မ ၄၃၆ ကို အရင်ဆုံးပြင်ရပါမယ်လို့ ပြောထားတာပါ။”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ လွှတ်တော်ကနေ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးမှာ အခက်အခဲတွေ ကျော်ဖြတ်ဖို့ ရှိနေသေးတယ်လို့ သုံးသပ်ပါတယ်။
“အဓိကကျတဲ့အချက်ကို ပြောရမယ်ဆိုရင်တော့ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ၇၅ ရာခိုင်နှုန်းကျော် လိုတယ်ဆိုတဲ့ အချက်ကို ၆၆ ရာခိုင်နှုန်း လောက် ၃ ပုံ ၂ ပုံလောက်နဲ့ ပြောင်းနိုင်တယ်ဆိုလို့ ရှိရင်တော့ ပိုပြီး ဒီမိုကရေစီကျပြီး ပိုပြီးလွယ်ကူချောမွေ့မှာပေါ့။ ဒါပေမယ့် အဲဒါက လက်တွေ့မှာ အခက်ဆုံးကိစ္စဖြစ်နေတယ်။”
လွှတ်တော်က ဖွဲ့စည်းပေးတားတဲ့ အဖွဲ့ဝင် (၁၀၉) ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သုံးသပ်ချက် အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းပြီးနောက် ဒီအစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဖေဖော်ဝါရီလ ၃ ၇က်နေ့က ထပ်မံဖွဲ့စည်းလိုက်တာပါ။
ဒီကော်မတီမှာ ကြံ့ခိုင်ရေးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအများစုအပါအ၀င် စုစုပေါင်း (၃၁) ဦးပါဝင်ပြီး ကော်မတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း ရေးဆွဲတင်သွင်းရမှာဖြစ်ပါတယ်။
By ပီတာအောင်/dvb burmese
မင်္ဂလာပါ အသစ်တစ်ဖန်မွေးဖွားခြင်း ဘလော့ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ် လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့နိုင်ပါတယ် အဆင်ပြေတယ်ဆိုရင်Fb မှာ LIKE နှိပ်ပေးခဲ့ပါနော်'
No comments:
Post a Comment