ဂြိုဟ်တုဓာတ်ပုံများမှ ရရှိသော သဲလွန်စများအရ အိန္ဒိယသမုဒ္ဒရာ
တောင်ပိုင်းတွင် ပျောက်ဆုံး မလေးရှား လေယာဉ်ကို ရှာဖွေလျက်ရှိရာ ပြီးခဲ့သော
စနေနေ့က လေယာဉ်၊ သင်္ဘောတို့တွင် ကုန်စည် သယ်ဆောင်ရာ၌ အသုံးပြုသော သစ်သား
အခင်းပြားတစ်ခုကို ခါးပတ်ကြိုး (သို့မဟုတ်) သိုင်းကြိုးများနှင့်အတူ
ရှာဖွေတွေ့ရှိခဲ့သည်ဟု သြစတြေးလျ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ကြောင်း
CNA သတင်းဌာနတွင် ဖော်ပြထားသည်။
“အတိအကျ ပြောဖို့တော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင်
ကျွန်တော်တို့မှာ အလွန်ယုံကြည် အားထားရတဲ့ သဲလွန်စတွေ အတော်များများ
ရရှိထားပြီဆိုတာ ထင်ရှားပါတယ်” ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က
ပြောကြားခဲ့သည်။
ပျောက်ဆုံး မလေးရှားလေယာဉ်၏ အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရှိသော
အရာဝတ္ထုနှစ်ခုကို သြစတြေးလျ ဂြိုဟ်တုက ထောက်လှမ်း တွေ့ရှိခဲ့သော
ရေပြင်ဧရိယာ အနီး၌ တရုတ်ဂြိုဟ်တုက လေယာဉ် အပျက်အစီး အပိုင်းအစဟု ယူဆရသော
အရာဝတ္ထုတစ်ခု ထောက်လှမ်းတွေ့ရှိခဲ့သည့် နေ့မှာပင် ရှာဖွေရေး
တပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ကုန်တင် သစ်သားအခင်းပြား တစ်ခုကို
သိုင်းကြိုးများနှင့်အတူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့အတူ တနင်္ဂနွေနေ့ မနက်ပိုင်းတွင် ပြင်သစ် အာဏာပိုင်များကလည်း
သြစတြေးလျနှင့် တရုတ်ဂြိုဟ်တုတို့ သဲလွန်စများ ထောက်လှမ်း တွေ့ရှိထားသည့်
ရေပြင်ဧရိယာတွင် ပျောက်ဆုံး လေယာဉ်၏ အစိတ်အပိုင်းဟု ယူဆရသော
အရာဝတ္ထုတစ်ခုကို ဂြိုဟ်တုမှ တစ်ဆင့် တွေ့ရှိထားကြောင်း ကြေညာခဲ့ပြီး
ဂြိုဟ်တု ဓာတ်ပုံများကို မလေးရှား အာဏာပိုင်များထံ ပေးပို့ခဲ့သည်။
ကုန်တင်သစ်သား အခင်းပြားများကို လေယာဉ်များတွင်သာမက သင်္ဘောများတွင်လည်း
အသုံးပြုလေ့ ရှိသဖြင့် ယခုတွေ့ရှိသော သစ်သားအခင်းပြားမှာ ပျောက်ဆုံး
မလေးရှားလေယာဉ်မှ ဖြစ်သည်ဟု အတိအကျ ယူဆရန် မဖြစ်နိုင်သော်လည်း သဲလွန်စများ
တစ်ခုပြီးတစ်ခု တွေ့လာရသဖြင့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေရေး
လုပ်ငန်းများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။
သြစတြေးလျ အနောက်ဘက် ကမ်းခြေမှ အနောက်တောင်ဘက် မိုင်ပေါင်း ၁၅၀၀
ကျော်ဝေးသော သမုဒ္ဒရာ ရေပြင်တွင် စစ်ဘက်လေယာဉ် လေးစင်း၊ အရပ်ဘက်လေယာဉ်
လေးစင်းနှင့် စစ်သင်္ဘော တစ်စီးတို့ဖြင့် ရှာဖွေရေးလုပ်ငန်းများ
လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် သြစတြေးလျ
နိုင်ငံတို့ကလည်း အဆိုပါ ဧရိယာသို့ သင်္ဘောများ ထပ်မံစေလွှတ်ထားသည်။
“ရှာဖွေတဲ့နေရာမှာ လေယာဉ်တွေ၊ သင်္ဘောတွေ ပိုများလာလေလေ ဂြိုဟ်တုက တွေ့ထားတဲ့
အရာဝတ္ထုတွေကို ရှာတွေ့ဖို့ ပိုပြီး နီးစပ်လေလေပါပဲ” ဟု တိုနီအက်ဘော့က
ပြောကြားသည်။
လူ ၂၃၉ ယောက်ကို တင်ဆောင်သွားသော မလေးရှားလေကြောင်း လိုင်းပိုင် ဘိုးရင်း
၇၇၇ လေယာဉ်ကြီးသည် မတ်လ ၈ ရက်နေ့တွင် ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ်
ဗီယက်နမ် လေပိုင်နက် အတွင်းသို့ ဝင်ခါနီး၌ မြေပြင် ထိန်းချုပ်ရေးစခန်းနှင့်
အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
စတင်ပျောက်ဆုံးခါစ စက်ချို့ယွင်းကာ တောင်တရုတ် ပင်လယ်အတွင်း
ပျက်ကျသွားခြင်း ဖြစ်မည်ဟု ယူဆပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း
နောက်ပိုင်း စုံစမ်းတွေ့ရှိမှုများအရ လေယာဉ်သည် မြေပြင်စခန်းနှင့် အဆက်အသွယ်
ပြတ်တောက်သွားပြီးနောက် မူလလမ်းကြောင်းအတိုင်း ဆက်မသွားဘဲ နောက်ကြောင်း
ပြန်လှည့်ကာ နောက်ထပ် ၇ နာရီခန့် ပျံသန်းခဲ့ကြောင်း တွေ့ရှိရသဖြင့်
ရှာဖွေသည့် ဧရိယာကို ထပ်မံတိုးချဲ့ခဲ့ရသည်။
ထို့အပြင် လေယာဉ်ကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်း
ပြောင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း စုံစမ်း တွေ့ရှိထားရသဖြင့် အကြမ်းဖက်မှု
(သို့မဟုတ်) ပြန်ပေးဆွဲမှု ဖြစ်မည်ဟု ယူဆမှုများလည်း ရှိနေသည်။
The Voice Weekly
No comments:
Post a Comment