04 March 2014

ရပ်ကွက်ဓမ္မာရုံမှာ ဘုရားပင့်ဆောင်ပြီး ကုသိုလ်ယူခဲ့တဲ့ ကောင်းခန့်

သရုပ်ဆောင် ကောင်းခန့်က မိဘများကို အမှူးထားပြီး မင်္ဂလာဒုံမြို့နယ်၊ ရွှေမင်းဝံတောရ ဓမ္မရိပ်သာကျောင်း ဦးစီးနာယက သြဝါဒစရိယ ဆရာတော် ဦးဇာနေယျ (ဓမ္မာစရိယ) ကျောင်းတွင် သီတင်းသုံး စံပယ်တော်မူလျက်ရှိတဲ့ တန်ခိုးကြီး ဆုတောင်းပြည့် အင်းလေး ဖောင်တော်ဦး (ရင်ငွေ့လှုံ) ဘုရားကြီး ငါးဆူနှင့် ရှေးဟောင်း ဘုရားကြီးလေးဆူ၊ ရှင်သီဝလိ၊ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး များကို ဖို့မြေဓမ္မာရုံ၊ အမှတ် ၆၉၊ မြန်မာ့ ဂုဏ်ရည်လမ်း တွင် ဖေဖော်ဝါရီ ၁၅ ရက် နေ့ မှစ၍ ၁၇ ရက်နေ့ အထိ ၃ ရက် တိုင်တိုင် ပူဇော်ခဲ့ပါတယ်။ အခုလို တန်ခိုးကြီး ဆုတောင်းပြည့် ဘုရားများကို ပင့်ဖိတ် ပူဇော်ဖြစ်ခဲ့တဲ့ ကောင်းခန့် က “မိတ်ဆွေ အိမ်မှာ တန်ခိုးကြီး ဆုတောင်းပြည့် ဘုရား တွေကို သွားဖူးရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ပင့်ချင်သွားတယ်။ ပင့်ဖို့အခွင့် သာတာနဲ့ ပင့်ပြီးတော့ ပူဇော်ဖြစ်တာပါ။ အားလုံးလည်း ပူဇော်လို့ ရအောင်၊ ဖူးခွင့်ရအောင် ဆိုပြီး ပင့်ပြီးတော့ ဖို့မြေ ဓမ္မာရုံမှာပဲ ပူဇော်ထားရှိခဲ့တာပါ။
အဲဒီအတွက်လည်း ကျွန်တော် ဝမ်းသာမိပါတယ်။ ကျွန်တော် တစ်ယောက်တည်း ဖူးခွင့် ရတာမျိုး မဟုတ်ဘဲ လမ်းသူ၊ လမ်းသားတွေပါ ဖူးခွင့်ရတာ ကို မြင်တော့ ကြည်နူး ဝမ်းသာဖြစ်မိတယ်။ ဖူးခွင့် ရအောင် လုပ်ပေးတဲ့ အချိန်မှာ လာရောက် ကူညီ ကြတဲ့ အနု ပညာ အသိုင်းအဝိုင်းက မိတ်ဆွေတွေရော၊ ကျွန်တော်တို့ ပတ်ဝန်းကျင်က မိတ်ဆွေတွေ ကိုပါ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။

သိမ့်သိမ့်/popularmyanmar

No comments:

Post a Comment