မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဘီ ကျေးရွာအုပ်စုအနီးရှိ
အလိုတော်ပြည့် ဘုရားအနီးတွင် မတ်လ ၁၅ ရက်နေ့က ဘယ်လ်ဂျီယန် နိုင်ငံသူတစ်ဦး
စီးလာသည့် စက်ဘီးရှေ့ခြင်းထဲမှ ကျောပိုးအိတ်ကို ဆိုင်ကယ်ဖြင့် အမည်မသိ
အမျိုးသားတစ်ဦးက လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာ အုပ်စု ပုဂံ-ညောင်ဦးသွား အနော်ရထာ
လမ်းမကြီး အလိုတော်ပြည့် ဘုရားနှင့် ရွာဟောင်းကြီး ဘုရားအကြားတွင် မတ်လ ၁၅
ရက်နေ့ ညနေ ၄နာရီ ၁၅ မိနစ်ခန့်က ဘယ်လ်ဂျီယန်နိုင်ငံသူနှစ်ဦးသည်
စက်ဘီးကိုယ်စီဖြင့် ပုဂံဒေသဘက်မှ ညောင်ဦးဘက် သို့ စီးနင်းလာစဉ်
နိုင်ငံခြားသူတစ်ဦး၏ စက်ဘီးရှေ့ခြင်းအတွင်း ထည့်ထားသော ကျောပိုးအိတ်ကို
ဆွဲယူ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
“အခုလုသွားတဲ့ နေရာကလူလည်း သိပ်မပြတ်ဘူး။ လေယာဉ်ကွင်းနဲ့ သီရိပစ္စယာ
ဟိုတယ်သွားတဲ့ အပြင်လမ်း။ အဲဒီဘက်ကိုတော့ ရဲတွေ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့
လှည့်ကင်း ဆောင်ရွက်တာတော့ ရှိတယ်” ဟု ပုဂံမြို့တွင် မြင်းလှည်းမောင်းသူ
ဦးမောင်စိုးက ဆိုသည်။
အဆိုပါ ကျောပိုးအိတ် လုယူထွက်ပြေးသွားမှုနှင့် ပတ်သက်၍ အခင်းဖြစ်
နေရာတဝိုက်တွင် နေ့စဉ် Tourism Police နှင့် နယ်မြေရဲများ ပူးပေါင်း၍
ခရီးသွားများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးလျက ရှိကြောင်း ညောင်ဦးမြို့နယ်
တစ်ဝိုက်တွင် တာဝန် ထမ်းဆောင်နေသည့် Gd Tourism Police တစ်ဦးက
ပြောကြားသည်။
လေဆိပ်လမ်းဆုံ၊ ညောင်ဦးဈေး အဝိုင်း၊ တောင်ဘီကျေးရွာထိပ်၊ ညောင်ဦး-
ချောက် ကားလမ်းမောင်းတံဂိတ်၊ ညောင်ဦး- ကျောက်ပန်းတောင်း ကားလမ်း
ဗျတ္တလမ်းဆုံ၊ လက်ပံခြေပေါ်လမ်းဆုံ၊ ညောင်ဦး-မြင်းခြံ ကားလမ်း မောင်းတံဂိတ်
အဟောင်း၊ ပုဂံ အဝိုင်းနှင့် အနော်ရထာလမ်း တစ်လျှောက် စသည့်နေရာ
များတွင်လည်း ကျူးလွန်သူ ဖမ်းမိရေး စစ်ဆေး ဆောင်ရွက်နေကြောင်း
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
အဆိုပါ လုယူခံရသော ကျောပိုး အိတ်ထဲတွင် ဗီဇာ၊ Cradit Card၊ Samsung
အမျိုးအစား အနက်ရောင် ကင်မရာတစ်လုံး၊ အမေရိကန်ဒေါ်လာ ၆၀၀ တို့ ပါသွားသဖြင့်
အဆိုပါ နိုင်ငံခြားသူ တည်းခိုသည့် ရွှေနဒီ တည်းခိုးခန်းက ဧည့်လမ်းညွှန်အကူ
ဦးအေးမင်းက တရားလိုပြုလုပ်၍ ပုဂံမြို့မ ရဲစခန်းတွင် (ပ) ၂၁/၂၀၁၄
ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်ထားကြောင်း အဆိုပါ မှတ်တမ်းများအရ သိရသည်။
မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၇၃ x ၇၄ လမ်းကြား
ကျုံးတောင်ဘက်တွင်လည်း မတ် ၅ ရက်နေ့ ည ၉ နာရီခန့်က စက်ဘီးတစ်စီးစီ
စီးနင်းလာသော အင်္ဂလန်သူနှစ်ဦးကို စကားပြော နှုတ်ဆက်ဟန်ဆောင်၍ ကျောပိုးအိတ်
လုယူထွက်ပြေးမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူကို ငါးရက်အတွင်း
ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
The Voice Weekly
No comments:
Post a Comment