04 April 2014

အစိုးရနှင့် တပ်မတော်တို့၏ ဂုဏ်သိက္ခာကို အိုးမဲသုတ်ခြင်း

လှည်းကူးမြို့နယ်တွင် တပ်မတော်ပိုင် မြေနေရာကို ကျူးကျော်သည်ဟု ဆိုကာ အင်အားသုံး နှင်ထုတ်ခံရသော ဒုက္ခသည်ပြည်သူများကို နေရာပေးမည်ဟု ဆိုကာ လွတ်လပ်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) က ၎င်းတို့ ထိန်းချုပ်နယ်မြေရှိရာ ကရင်ပြည်နယ်သို့ ခေါ်ဆောင်လာရာ လမ်းခုလပ်တွင် ကရင်ပြည်နယ်အခြေစိုက် တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အား ၁၅၀၀ ခန့်က ပိတ်ဆို့တားဆီးခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

ပဲခူးတိုင်းဒေသကြီး အလိုင်နီကျေးရွာ၊ အောင်သိဒ္ဓိကျောင်းတိုက်တွင် ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်သူများက လက်ရှိနေရာတွင် ဆက်လက် ရပ်တည်ရန် ခက်ခဲလာသောကြောင့် DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့ အခြေစိုက်ကာ အလုပ်အကိုင် ရှာဖွေစားသောက်ရန် ပြင်ဆင်ကြခြင်းကို ထိုကဲ့သို့ လမ်းတွင် တားဆီးခြင်းမှာ များစွာ မေးခွန်းထုတ်စရာ ရှိသည်။


ကရင်ပြည်နယ် ဝန်ကြီးချုပ်က နယ်စပ်တွင် မူးယစ်ဆေးဝါးနှင့် ဒုစရိုက်မှုများ ရှုပ်ထွေးနေသောကြောင့် ခေါ်ဆောင်လာသူများကို ကရင်ပြည်နယ်စပ် ဒုံသမိတံတားတွင် ထားခဲ့ရန် ပြောကြားခြင်းမှာလည်း မည်သို့မျှ နားမလည်နိုင်စရာ ဖြစ်သည်။

တပ်မတော် မြေနေရာကို ကျူးကျော်သည်ဟု ဆိုကာ နှင်ထုတ်သည့် အဆင့်အထိ ပြောစရာ မရှိသော်လည်း နှင်အထုတ်ခံရသည့်အတွက် နေစရာ မရှိသောကြောင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခေတ္တယာယီ နေထိုင်ခြင်းကိုပင် ရက်အကန့်အသတ်ဖြင့်သာ နေထိုင်ခွင့်ပြုခဲ့ခြင်း၊ DKBA က စေတနာအလျောက် စရိတ်ခံ ခေါ်ဆောင်သွားသူများကိုလည်း ထပ်မံပိတ်ဆို့ ကန့်သတ်ခြင်းတို့မှာ မြန်မာနိုင်ငံတွင် နေထိုင်သော နိုင်ငံသားများ၏ မူလ အခြေခံအခွင့်အရေးကို တမင်သက်သက် မျက်ကွယ်ပြု ဖိနှိပ်ရာ ရောက်နေပေသည်။

အထက်က အမိန့်မရလျှင် မိမိတို့ သဘောဆန္ဒအလျောက် ဆောင်ရွက်ခွင့် မရှိသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ် အခြေစိုက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အငြိုးတကြီး အသွင်ဆောင်နေသော ထိုအပြုအမူသည် လူကြီးလူကောင်း မဆန်လွန်းသည့်အပြင် ပြည်နယ်အစိုးရ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့၏ ဂုဏ်သိက္ခာကို ကြီးစွာထိခိုက်စေပြီး ရှက်ဖွယ်ကောင်းလှသည့် လုပ်ရပ်ဟုလည်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

မည်သို့ပင်ဖြစ်စေ သမ္မတက တိုက်ရိုက်ခန့်ထားသူ ပြည်နယ်ဝန်ကြီးချုပ်၊ နယ်မြေခံ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့၏ ဖော်ပြပါ ပိတ်ပင်တားဆီးမှုသည် ငြိမ်းချမ်းသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကနဦး ခြေလှမ်းကောင်း များကြောင့် ဂုဏ်သတင်း ကျော်စောနေသော အစိုးရအဖွဲ့နှင့် တပ်မတော်တို့၏ ဂုဏ်သိက္ခာသာမက ပြည်ထောင်စု နိုင်ငံတော်တစ်ခုလုံး၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်းကို အိုးမဲသုတ်လိုက်ခြင်း ဖြစ်ကြောင်း သတိပြုမိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၃-၄-၂၀၁၄)
The Voice Weekly

No comments:

Post a Comment