သံဃမဟာနာယက အဖွဲ့နှင့် အငြင်းပွားဖွယ်ရာ ဖြစ်ပွားနေသော
မဟာသန္တိသုခကျောင်းတွင် သီတင်းသုံး နေသော ပီနန်ဆရာတော်ကြီးအား
သမ္မတအမိန့်မပါဘဲ ဖယ်ရှား၍ မရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က
ပြောကြားခဲ့သည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ တွဲဖက်ညွှန်ကြားရေးမှူး
တစ်ဦးဖြစ်သူ ကိုညိုအုန်းမြင့်က ဧပြီ ၁ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့
ပြောသည်။
မဟာသန္တိသုခ ကျောင်းနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီးက
မြန်မာငြိမ်းချမ်းရေးစင်တာမှ တွဲဖက် ညွှန်ကြားရေး မှူး ကိုညိုအုန်းမြင့်အား
ဆက်သွယ် မေးမြန်းရာ ကိုညိုအုန်းမြင့်က ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းထံသို့ ထပ်မံမေးမြန်းခဲ့ပြီး ယခုကဲ့သို့ ပြန်လည်
ဖြေကြားခဲ့ခြင်းဖြစ်သည်။
““ပီနန်ဆရာတော်ကြီးနဲ့ ကျွန်တော်ကလည်း ဆရာရင်း ဒကာရင်းဖြစ်လို့
ဒီဘက်အစိုးရဘက်ကို လှမ်းမေး ပေးပါတယ်။ အစိုးရဘက်က ဘာမှ စိတ်မပူပါနဲ့။
ဆရာတော်ကြီးသာ သီတင်းသုံးပါ။ အစိုးရဘက်က ဆိုတာက ကျွန်တော်တို့ရဲ့ Myanmar
Peace Center (မြန်မာငြိမ်းချမ်းရေးစင်တာ)ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပဲ မေးတာပါ”” ဟု ကိုညိုအုန်းမြင့်က ဆိုသည်။
သံဃမဟာနာယကအဖွဲ့က ပီနန်ဆရာတော်ကြီးတို့အား မတ် လ ၃ ရက် နောက်ဆုံးထားကာ
မဟာသန္တိသုခ ကျောင်းမှ ထွက်ခွာပေးရန် မတ်လ ၆ ရက်နေ့က နိုင်ငံတော် သံဃမဟာနာယက
စုံညီ အစည်းအဝေး ပြုလုပ်ခဲ့ကာ အမိန့်စာအမှတ် ၂၀/၉၀ ကြေညာချက် ထုတ်ထားသည်။
““ဆရာတော်ကြီး ဒီကျောင်းက ရွှေ့ပေးလိုက်ရပြီဆိုရင်
မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးရော၊ တရား မျှတမှုကြီးရော
မေးခွန်းထုတ်စရာ ဖြစ်သွားပြီ။ အနာဂတ်မှာ မသေချာတော့ဘူး။ ဒီမဟာ သန္တိသုခ
ကျောင်းတော်ကြီးကို ပီနန်ဆရာတော်ကြီးကို အမြန်ဆုံး ပြန်လွှဲပေးဖို့
နိုင်ငံတော် အစိုးရကို တောင်းဆိုမယ်။ မဟာသံဃနာယကအဖွဲ့ကိုလည်း
မေတ္တာရပ်ခံထားတယ်””ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သူ
ကိုမိုးသီးဇွန်က ပြောသည်။
မဟာသန္တိသုခကျောင်း၌ ပီနန်ဆရာတော် သီတင်းသုံးခြင်း မသုံးခြင်းသည်
သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ အမြင့်ဆုံးဖြစ်သော သံဃမဟာနာယက သည်သာ
ဆုံးဖြတ်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်များ ဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ကြောင်း
သံဃမဟာနာယကအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က မြန်မာသံတော်ဆင့်သို့
ပြောသည်။
““လူတိုင်းက ပြောဆိုဝေဖန်ခွင့်၊ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ အဲဒီအတွက်
သုံးသပ်တာ မလုပ်လိုပါဘူး။ သို့ရာတွင် ကျောင်းတော်ကြီးမှာ သီတင်းသုံးမယ့်
ဆရာတော်ကိစ္စက ရတယ်။ မရပါဘူး။ တရားဝင်ပါတယ်။ မ၀င်ပါဘူးက သံဃာ့အဖွဲ့အစည်း
အဆင့်ဆင့်ရဲ့ ဆုံးဖြတ်ရမယ့် ကိစ္စသာလျှင် ဖြစ်ပါတယ်။ အုပ်ချုပ်မှုပိုင်းနဲ့
မဆိုင်ပါဘူး””ဟုဦးထွန်းညွန့်က ဆိုသည်။
မဟာသန္တိသုခ ကျောင်းတော်ကြီးသည် နိုင်ငံတကာနှင့် မြန်မာပြည်မှ အလှူရှင်များ
စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီး စင်ကာပူ ပီနန်ဆရာတော်ကြီး
ဦပညာဝံသသို့ လှူဒါန်းထားသော ကျောင်းတော်ကြီး ဖြစ်သဖြင့်
ကျောင်းတော်ကြီးအား အဓမ္မသိမ်းပိုက်ခြင်းကို လုံးဝ လက်မခံကြောင်း မတ်လ ၂၁ရက်
နေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်
မိုးသီးဇွန်၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းနှင့် မဟာသန္တိသုခကျောင်းမှ
ဆရာတော်တို့ ဦးဆောင်ကာ ဆိုင်းဘုတ်တင်ခဲ့သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်
No comments:
Post a Comment