မိုက်ကယ်လ်ဂျက်ဆင် အယ်လ်ဘမ်အသစ် မေလတွင် ထွက်မည်
တစ်ခေတ်တစ်ခါက ပေါ့ပ်ဘုရင်လို့ တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့
မိုက်ကယ်လ်ဂျက်ဆင်ရဲ့ တေးအယ်လ်ဘမ် အသစ်ကို လာမယ့် မေလထဲမှာ
ဖြန့်ချိသွားမယ်လို့ နာမည်ကျော် အမေရိကန် တေးထုတ်လုပ်ရေး ကုမ္ပဏီ Epic
Records က ကြေညာလိုက်ကြောင်း BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
မေလ ၁၃ ရက်နေ့မှာ ထွက်ရှိမယ့် အဲဒီ အယ်လ်ဘမ်ထဲမှာ မိုက်ကယ်လ်ဂျက်ဆင်
မကွယ်လွန်ခင်က သီဆိုထားခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ ဈေးကွက်ထဲကို
ထုတ်လုပ်ဖြန့်ချိရခြင်း မရှိသေးတဲ့ သီချင်းရှစ်ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။
အဆိုပါ မိုက်ကယ်လ်ဂျက်ဆင်ရဲ့ အယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် သီချင်းရှစ်ပုဒ်ကို
Epic Records ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ အယ်လ်အေရိဒ်က မိုက်ကယ်လ် ဂျက်ဆင် ကိုယ်တိုင်
အပြည့်အစုံ သီဆိုခဲ့ပြီး အချောသတ် ထုတ်လုပ်ရခြင်း မရှိသေးတဲ့
သီချင်းများစွာထဲကနေ ပိုက်စိပ်တိုက် ရှာဖွေထားတာဖြစ်ကာ အယ်လ်ဘမ်
အမည်ကိုတော့ XSCAPE လို့ပေးထားကြောင်း Epic Records ကုမ္ပဏီရဲ့
ထုတ်ပြန်ချက်အရ သိရပါတယ်။
XSCAPE အယ်လ်ဘမ်နဲ့ ပတ်သက်ပြီး မစ္စတာရိဒ်က “ဒီသီချင်းတွေကို ကမ္ဘာကြီးဆီ
အရောက်ပို့ဆောင်ခွင့် ရတဲ့အတွက် ကျွန်တော်တို့ အလွန့်အလွန် ဂုဏ်ယူမိပါတယ်”
လို့ ပြောကြားခဲ့ပါတယ်။
Epic Records တေးထုတ်လုပ်ရေး ကုမ္ပဏီဟာ၂၀၁၀ ပြည့်နှစ်တုန်းကလည်း မိုက်ကယ်လ်
ဂျက်ဆင် သီဆိုထားခဲ့ပြီး ဈေးကွက်ထဲကို ဖြန့်ချိရခြင်း မရှိသေးတဲ့
သီချင်းကိုးပုဒ်ကို စုစည်းကာ Michael လို့အမည်ရတဲ့ မိုက်ကယ်လ်ဂျက်ဆင်
ကွယ်လွန်ခြင်း အမှတ်တရ အယ်လ်ဘမ်တစ်ခွေ ထုတ်လုပ်ခဲ့ပါသေးတယ်။
Jacksons အဖွဲ့နဲ့အတူ ဆယ်ကျော်သက် အရွယ်မှာတင် ဂီတလောကထဲကို
စတင်ခြေချခဲ့ပြီး အနုပညာ သက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ
သိမ်းပိုက်နိုင်ခဲ့တဲ့ မိုက်ကယ်လ်ဂျက်ဆင်ဟာ အသက် ၅၀ အရွယ် ၂၀၀၉ ခုနှစ်
ဇွန်လ ၂၅ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
The Voice Weekly
No comments:
Post a Comment