မတ်လ ၂၂ရက်က မိုးကုတ်မြို့ အောင်နန်းအားကစားကွင်းတွင် ပြုလုပ်သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏
လူထုတွေ့ဆုံပွဲကို လာရောက်အားပေးသည့် ပရိတ်သတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-
ဥာဏ်လှိုင်လင်း)
မိုးကုတ်၊ မဇ္ဈိမ။ ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော
ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် လျော်ညီသည့် ဒီမိုကရေစီစံနှုန်းများဖြင့်
ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရေး ကြိုးပမ်းကြရာတွင်
ပြည်သူလူထုအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကြပါရန် မတ် ၂၂ ရက်က
မိုးကုတ်မြို့ အောင်နန်းအားကစားကွင်းတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲ၌
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
အဖွဲ့ဝင်များက တိုက်တွန်းပြောကြားလိုက်သည်။
“ပြည်သူတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးချင်လို့ရှိရင် ကိုယ့်တာဝန်ကိုယ်ယူရပါလိမ့်မယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၂ဝဝ၈ အခြေခံဥပဒေတွင် ရှေ့နောက်မညီသော ပြဋ္ဌာန်းချက်များ၊ ပြည်သူတို့အတွက်
အကျိုးဖြစ်ထွန်းမှုမရှိသည့် ပြဋ္ဌာန်းချက်များ၊ ဒီမိုကရေစီစံနှုန်းများနှင့်
မညီညွတ်မှုများကို ပြင်ဆင်ရေးဆောင်ရွက်နိုင်မှု အခြေအနေများကို
အန်အယ်လ်ဒီခေါင်းဆောင်များက မိုးကုတ်မြို့တွင် ရှင်းလင်းပြောကြားကြသည်။
လွှတ်တော်အတွင်း၌ အန်အယ်လ်ဒီ ကိုယ်စားလှယ် ၄၆ ဦးသာ ရှိနေသည့် အခြေအနေသည်
ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အကန့်အသတ် ရှိသဖြင့် ပြည်သူလူထုမှ ကူညီကြပါရန်
ထိုသို့ပန်ကြားလိုက်ခြင်းလည်းဖြစ်သည်။
“ကျွန်မတို့ ၄၆ ယောက်နောက်မှာ အများပြည်သူရဲ့ အင်အားကို လိုအပ်နေပါတယ်။
အများပြည်သူရဲ့ အင်အားကို လိုလို့လဲ တောင်းခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။
အန်အယ်လ်ဒီသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့်
ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
အကောင်အထည်ဖော်မှုကော်မတီ၌ ၂ ဦးသာ ပါဝင်ခွင့်ရထားသည်။
"ပြည်သူကို ဦးထိပ်ပန်ဆင်ပြီး ပြောင်းမယ်။ ပြင်မယ်။ အဲဒီအခါ ပြည်သူကလည်း
ထပ်တူထပ်မျှ တသွေမတိမ်း ပူပေါင်းပါဝင်ဆောင်ရွက်ကြ မယ်လို့
မျှော်လင့်ပါတယ်” ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောသည်။
အချို့သော ပုဂ္ဂိုလ်များ၏ အန်အယ်လ်ဒီအပေါ် စွပ်စွဲချက်များဖြစ်သည့်
တစ်ဦးတစ်ယောက်အတွက် ဖွဲ့စည်းပုံပြင်ဆင်လိုခြင်းမှာ လုံးဝမဟုတ်ဘဲ
ဒီမိုကရေစီကျင့်စဉ်နှင့် လျော်ညီသည့် မူဘောင်အတွင်းက
ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု ၎င်းတို့က ရှင်းပြခဲ့သည်။
ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်ကလည်း “ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အောင်အောင်မြင်မြင်
ပြင်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းပြီး ဖြေရှင်းပြင်ဆင်နိုင်ကြပါစို့” ဟု တိုက်တွန်းခဲ့သည်။
ဟောပြောမှုများအပြီးတွင် သောင်းဂဏန်းချီသည့် တက်ရောက်လာသူ ၈၅ ရာခိုင်နှုန်းခန့်က ပြင်ဆင်ရန်ထောက်ခံလိုက်ကြသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့စည်းဆောင်ရွက်နေသည့် လွှတ်တော်အတွင်း၌
၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြင့် စစ်အစိုးရအရာရှိဟောင်းကြီးများ
ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက
၅၂ရာခိုင်နှုန်း ရယူထားသည်။
ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးထားသည့် တပ်မတော်သားများကလည်း
၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို ရယူထားသည်။ ထိုအခြေအနေတွင် ၂ဝဝ၈
ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်အရ ပြင်ဆင်လိုလျှင် အနိမ့်ဆုံး
လွှတ်တော်အတွင်း ၇၅ ရာခိုင်နှုန်းကျော်
ထောက်ခံရန်လိုအပ်နေသည်။
Written by
ဥာဏ်လှိုင်လင်း /mizzimaburmese
No comments:
Post a Comment