တပ်မတော်က ကာကွယ်စောင့်ရှောက်ပါသည်ဆိုသော ၂ဝဝ၈ ဖွဲ့စည်းပုံသည်
နိုင်ငံသူနိုင်ငံသားအားလုံး၏ အကျိုးကို
အမှန်တစ်ကယ်ဖြစ်ထွန်းစေသည့်
ဥပဒေတစ်ခု ဟုတ်ပါရဲ့လားဟု မိုးကုတ်မြို့ အောင်နန်းအားကစားကွင်းတွင်
မတ်၂၂ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က
မေးခွန်းထုတ် (ဓါတ်ပုံ - ဥာဏ်လှိုင်လင်း)
မိုးကုတ်၊ မဇ္ဈိမ။ ။ တပ်မတော်က ကာကွယ်စောင့်ရှောက်ပါသည်ဆိုသော
၂ဝဝ၈ ဖွဲ့စည်းပုံသည် နိုင်ငံသူနိုင်ငံသားအားလုံး၏ အကျိုးကို
အမှန်တစ်ကယ်ဖြစ်ထွန်းစေသည့် ဥပဒေတစ်ခု ဟုတ်ပါရဲ့လားဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က
မေးခွန်းထုတ်လိုက်သည်။
မိုးကုတ်မြို့ အောင်နန်းအားကစားကွင်းတွင် မတ်၂၂ရက်က ပြုလုပ်သည့်
လူထုတွေ့ဆုံပွဲတွင် “အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ
နိုင်ငံသူနိုင်ငံသားအားလုံးကိုအကျိုးပြုရာရောက်မှ ကာကွယ် တာမျိုးဖြစ်ရတယ်၊
ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဟာ တစ်ကယ်ပဲ
နိုင်ငံသူနိုင်ငံသားတွေအကျိုးဖြစ်ဖို့လိုတယ် ဆိုတာလည်း သဘောပေါက်ဖို့
လိုပါတယ်၊ နိုင်ငံသူနိုင်ငံသားတွေကို အကျိုးမပြုတဲ့ ဖွဲ့စည်းပုံကို
ကာကွယ်စောင့်ရှောက်တယ်ဆိုတာ ပြည်သူတွေရဲ့ အကျိုးကို ထိပါးရာရောက်ပါတယ်”ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ရှိဆောင်ရွက်နေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြေင်းပေါ်တွင်
ပြင်သင့်သည်များ မပြင်လိုခြင်းသည် မေးခွန်းထုတ်ရန်များစွာ ရှိသည်ဟုလည်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ပညာမဲ့လို့လည်းဖြစ်ရင်ဖြစ်မယ်၊ စေတနာနည်းလို့လည်းဖြစ်ရင်ဖြစ်မယ်၊ သတ္တိမရှိလို့လည်း ဖြစ်ရင်ဖြစ်မယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်လိုစိတ်မရှိဘဲ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည်ဟု
ပြောဆိုနေသူများသည် ပြည်သူတို့ကို လှည့်ဖျားနေခြင်းသာဖြစ်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်ကသုံးသပ်သည်။ ပြည်သူတို့ကို အကြောက်တရားမှ
ကင်းလွတ်ကြပါရန်ကိုလည်း ၎င်းက တိုက်တွန်းခဲ့သေးသည်။
“ဘယ်လိုဖိအားပေးမှုပဲဖြစ်ဖြစ်ခံလိုက်တာဟာ သတ္တိနည်းရာရောက်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၂ဝ၁၃ခုနှစ်နှောင်းပိုင်းကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနှင့် စပ်လျဉ်း၍
လွှတ်တော်၊ တပ်မတော်၊ သမ္မတ တို့နှင့် တွေ့ဆုံဆွေးနွေး လိုကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့သေးသည်။ သို့သော် ယနေ့အချိန်
အထိတွေ့ဆုံနိုင်ခြင်းမရှိသေးပေ။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့်
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီတွင် တပ်မတော်သား ကိုယ်စားလှယ်တို့
ပါဝင်နေသည်။ လက်ရှိဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အရ အခြေခံဥပဒေ ပြင်လိုလျှင်
၂၅ရာခိုင်နှုန်းသော မဲပေးခွင့်ကို အလိုအလျောက်ရယူထားသည့် တပ်မတော်၏
ထောက်ခံမှုသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ၌ ရှိနေသည်။
Written by
ဥာဏ်လှိုင်လင်း /mizzimaburmese
No comments:
Post a Comment