လစ်ဗျားအစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များထံမှ တင်ပို့လိုက်သည့်
ရေနံများ သယ်ဆောင်လာသော သင်္ဘောတစ်စင်းကို အမေရိကန်ရေတပ် အထူးကွန်မန်ဒိုများက စီးနင်းလိုက်ကြောင်း သိရသည်။
ဆိုက်ပရပ်စ်တောင်ပိုင်း နိုင်ငံတကာ ရေပိုင်နက်တွင် Morning Gloryကို
တားဆီးထိန်းချုပ်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ကြေညာသည်။ Morning
Gloryသင်္ဘောသည် လစ်ဗျားသူပုန်များ သိမ်းပိုက်ထားသည့် နိုင်ငံအရှေ့ပိုင်း
ဆီဒရာ ဆိပ်ကမ်းမှ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။
သင်္ဘောကို ကြားဖြတ်စီးနင်းမှုတွင် ထိခိုက်သေကြေမှု လုံးဝမရှိဘဲ
အောင်မြင်ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ “Morning
Gloryဟာလစ်ဗျားအစိုးရရဲ့ အမျိုးသားရေနံ ကုမ္ပဏီပိုင် ရေနံတွေကို သယ်ယူလာတာ
ဖြစ်ပါတယ်။ ဒီကုန်တင်သင်္ဘောဟာ တရားမဝင် ရေနံသယ်ယူပို့ဆောင်တယ်လို့
ယူဆသတ်မှတ်နိုင်ပါတယ်”ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က
ပြောကြားခဲ့သည်။ အဆိုပါ သင်္ဘောသည် မြောက်ကိုရီးယားအလံ လွှင့်ထူထားပြီး
မြောက်ကိုရီးယားသို့ ဦးတည်ကာ ရေနံများ ပို့ဆောင်မည်ဟု သတင်းကြီးခဲ့သေးသည်။
သို့သော်လည်း မြောက်ကိုရီးယား အစိုးရက Morning Gloryသည်
မိမိတို့နိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိဟု ငြင်းဆိုခဲ့သည်။ သင်္ဘောကို
အီဂျစ်ရှိ ကုမ္ပဏီတစ်ခုက ထိန်းချုပ်ထားသည်။ လစ်ဗျားတွင် အာဏာရှင်ဟောင်း
မူအမ်မာ ကဒါဖီ ကျဆုံးပြီးနောက်ပိုင်း တက်လာသည့် လစ်ဗျားအစိုးရကို
ဆန့်ကျင်သော သူပုန်များက အရှေ့ဘက် ဆိပ်ကမ်းဒေသများတွင် တပ်ဖြန့်
လှုပ်ရှားနေပြီး ရေနံများ တင်ပို့ရန် ကြိုးစားနေရာ အမေရိကန်က
ကူညီတားဆီးပေးနေခြင်းဟု သိရသည်။
Planet Myanmar Network
No comments:
Post a Comment