20 March 2014

ဘင်္ဂလာဒေခ်ျ့ ထောင်သား ၂၆ ဦးကို မြန်မာက လွဲပြောင်း

                            ပြန်လည် လွဲပြောင်းခံရသူ ဘင်္ဂလာဒေခ်ျ့ ၂၆ ဦးကို တွေ့ရစဉ်။ (ဓါတ်ပုံ- ဘင်္ဂလာနယူး ၂၄)

(နိရဉ္စရာ- ၂၀ မတ်လ ၂၀၁၄)/ မောင်အေး

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်များတွင် ဖမ်းဆီးအကျဉ်းကျခံနေရသည့် ဘင်္ဂလီ ၂၆ ဦးကို မြန်မာအာဏာ ပိုင်များက ဘင်္ဂလီအာဏာပိုင်များကို တရားဝင်လွဲပြောင်းပေးလိုက်သည်။

ယမန်နေ့နံနက်ပိုင်းက မောင်တောမြို့နယ် အမှတ် (၁) နယ်မြေအတွင်း နှစ်ဘက် တာဝန်ရှိသူများ ပုံမှန်ပြုလုပ်နေသည့် အလံတင်အစည်း အဝေးအပြီးတွင် လွဲပြောင်းလိုက်ခြင်းဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူ တစ်ဦးက မီဒီယာများသို့ ပြောသည်။

ယခု လွဲပြောင်းခံရသည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၆ ဦးသည်  မြန်မာနိုင်ငံတွင် ပြစ်ဒဏ်ပြည့်ကျခံခဲ့ပြီးနောက် မိခင်နိုင်ငံသို့ လွဲပြောင်း ခံရသူများဖြစ်ကြသည်။ သူတို့အား မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော  တက်ကနက်ရဲစခန်းမှ တဆင့် နေရပ်အသီးသီးသို့ ပြန်ပို့မည်ဟု ၎င်းတ၀န်ရှိသူက ဆိုသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မြန်မာနိုင်ငံအကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၇၅ ဦကို မြန်မာအာဏာပိုင်များမှ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များကို လွဲပြောင်းပေးအပ်ခဲ့သည်။

ယမန်နေ့က ပြုလုပ်သော နှစ်ဘက်နိုင်ငံ အလံတင်ဆွေးနွေးပွဲကို မြန်မာဘက်မှ အဖွဲ့ဝင် ၇ ဦးပါသည့်အဖွဲကို လူဝင်မှုကြီးကြပ် ရေးဌာနမှ အရာရှိတစ်ဦးကဦးဆောင်ပြီး ဘင်္ဂလာဒေ့ခ်ျ နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ တက်ကနက်အခြေစ်စိုက် အမှတ် ၄၂ နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးမှ ဦးဆောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဘင်္ဂလား မြန်မာနယ်စပ် ခေါင်းတုန်းဂိတ်မှ ဘင်္ဂလာသို့ တရားမ၀င် ၀င်ရောက်လာသူ ရခိုင်ပြည်နယ်ဖွား ဘင်္ဂလီ  ၁၃ ဦးကို မြန်မာဘက်သို့  ပြန်လည် နှင်ထုတ်လိုက်ကြောင်း သိရသည်။

မြန်မာဘက်က ၀င်ရောက်လာသည့် ဘင်္ဂလီများကို ဘင်္ဂလာနယ်ခြားစောင့်တပ်မှ နေ့စဉ်ရက်ဆက် ပြန်ပို့နေ သော်လည်း တရားမ၀င် လွဲပြောင်းပေးခြင်းမဟုတ်ဘဲ တရားမ၀င် လမ်းကြောင်းမှ တဆင့် မြန်မာဘက်ကို နှင်ထုတ်ခြင်းဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ တစ်လတည်း အတွင်းက မြန်မာဘက်မှ ဘင်္ဂလာသို့ တရားမ၀င် ၀င်ရောက်လာသူ ၁၃၃ ဦးကို ဘင်္ဂလာနယ်ခြားစောင့်တပ်မှ မြန်မာဘက်သို့ ပြန်လည် နှင်ထုတ်ခဲ့ကြောင်း သိရသည်။

Narinjara

No comments:

Post a Comment