ပျောက်ဆုံးမလေးရှားလေယာဉ်ကို သြစတြေးလျတိုက် တခုစာလောက်ကျယ်တဲ့ ဧရိယာ
အတွင်းမှာ နိုင်ငံတကာ မြေပေါ် ပင်လယ်ထဲ ပိုက်စိပ်တိုက် ရှာနေပေမယ့် မတ်လ
၁၉ ရက်နေ့ထိ မတွေ့သေးတာကြောင့် ပဟေဠိဖြစ်နေတယ်လို့ မလေးရှား ဒေသခံတွေက
ပြောပါတယ်။
တကမ္ဘာလုံးနဲ့ အမေရိကန်မှာ အဆင့်မြင့် နည်းပညာတွေ ရှိလျက်နဲ့ လေယာဉ်
ဆက်ပျောက်နေတာ မရှာနိုင်တာဟာ အတော် ရှုပ်ထွေးတဲ့ ကိစ္စပဲလို့ မလေးရှားဒေသခံ
တယောက်က ပြောပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ ပေကျင်းလေဆိပ်ကို ပျံသန်းဖို့
သတ်မှတ်လမ်းကြောင်းကနေ မိုင်ထောင်ချီ ကွာအောင် မောင်းနှင်
ပျောက်ဆုံးနေခဲ့တဲ့ MH370 လေယာဉ်ကို ဘိုးရင်း ၇၇၇ မောင်းနှင်မှုနဲ့
ခရီးသွားလမ်းကြောင်းရှာမှုမှာ နက်နက်နဲနဲ ဗဟုသုတရှိသူ တယောက်ယောက်က
တမင်သက်သက် လမ်းကြောင်း ပြောင်းခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဒါပေမယ့် လေယာဉ်ပေါ်ပါတဲ့ လူတိုင်းရဲ့ နောက်ကြောင်းကို
စုံစမ်းစစ်ဆေးပြီးပါပြီ။ နိုင်ငံရေး ဒါမှမဟုတ် လေယာဉ်ကို တမင်သက်သက်
ဖျက်ချတာ ဒါမှမဟုတ် အပိုင်စီးတာစတဲ့ ရာဇ၀တ်မှု
ဆိုင်ရာလှုပ်ရှားမှုတွေလုပ်ဖူးတဲ့သူ တယောက်မှ မတွေ့ဘူးလို့ အနောက်နိုင်ငံ
လုံခြုံရေးသတင်းရင်းမြစ်တွေနဲ့တရုတ် အာဏာပိုင်တွေက ပြောပါတယ်။
စစ်တပ်သုံးရေဒါတွေနဲ့ ဂြိုလ်တုတွေကရတဲ့ သတင်းအချက်အလက်တွေအရ တယောက်ယောက်က
ထိန်းသိမ်းပြုပြင်ရေးအချက်အလက်တွေကို ထုတ်လွှတ်ပေးနေတဲ့ လေယာဉ်ရဲ့
ခွဲခြားဖော်ပြ တုံ့ပြန်မှုစနစ်နဲ့ လေယာဉ်ဆက်သွယ်ရေး အကြောင်းကြားမှုနဲ့
တုံ့ပြန်မှုစနစ်တို့ကို ပိတ်ချပစ်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။
အဲဒီနောက်မှ အနောက်ဘက်ကို ပြန်ကွေ့ပြီး မလေးကျွန်းဆွယ်ကို ဖြတ်သန်းရင်း
အိန္ဒိယကို သွားတဲ့ ခရီးသည်တင်လေကြောင်းလိုင်းတွေရဲ့ လမ်းကြောင်းအတိုင်း
သွားခဲ့တာ ဖြစ်ပါတယ်။
မလေးရှား အာဏာပိုင်တွေကတော့ ဖြစ်စဉ်ရဲ့ တိကျတဲ့ အဆင့်ဆင့်ကို ပြန်ပြီး လမ်းကြောင်းရှာခဲ့ ပြီးပါပြီ။
By ဒီဗွီဘီ
No comments:
Post a Comment