ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကြေးနီအား
ဆွဲကြိုးပုံနှင့် ဟန်းချိန်း ပုံပြုလုပ်ပြီး ရွှေအထပ်ထပ်စိမ်၍ ကာလပေါက်
ဈေးနှုန်းဖြင့် လိမ်လည်ကာ ရွှေအဖြစ် လာရောက် ပေါင်နှံသည့်အမှု ၂၀၁၄ ခုနှစ်၊
မတ်လ(၄) ရက်၊ မွန်းလွဲ (၄) နာရီအချိန်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဖြူးမြို့တွင်း ရန်ကုန်- မန္တလေး ပုံမှန်ကားလမ်းဘေး
စိုးစံလိုင်စင်ရ အပေါင်ဆိုင်ပိုင်ရှင် ဦးကျော်စိုး (၆၀) နှစ်၊ (ဘ)
ဦးချစ်ဟန်သည် နေအိမ်အပေါင်ဆိုင်တွင် ရှိနေစဉ် ကိုသက်ပိုင် ဆိုသူနှင့်
အခြား အမျိုးသားတစ်ဦး ကားဖြင့်ရောက်ရှိလာပြီး MC ဟန်းချိန်း (၁)
ကျပ်သားခန့် တစ်ခုနှင့် MC ဆွဲကြိုး (၁) ကျပ်သားခန့် တစ်ကုံးတို့အား
ပေါင်နှံစဉ် ဦးကျော်စိုးမှ ငွေမရှိသေး၍ ခဏစောင့် ရန်ပြောပြီး ဖြူးမြို့မ
ရဲစခန်းသို့ သွားရောက် အကြောင်းကြားသဖြင့် ဖြူးမြို့မ ရဲစခန်းမှ
တာဝန်ရှိသူများက ဦးကျော်စိုးနေအိမ်သို့ သွားရောက် စစ်ဆေးခဲ့သည်။ လာရောက်
ပေါင်နှံသူမှာ သက်ပိုင် (၂၅) နှစ်၊ (ဘ) ဦးကြည်သိန်း၊ (၂)
ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနေသူနှင့် နိုင်သူရ (၂၃)
နှစ်၊ (ဘ) ဦးသောင်းညွန့်၊ ကြံခင်းအုပ်စု၊ မင်္ဂလာဒုံ မြို့နယ်နေသူ
ဖြစ်ကြောင်း သိရှိခဲ့ရပြီး ၄င်းတို့နှစ်ဦး ယခု ပေါင်နှံသော ဟန်းချိန်း
နှစ်ကုံးနှင့် ဆွဲကြိုးနှစ်ကုံးမှာ ကြေးနီအား ရွှေအထပ်ထပ် စိမ်ထားသော
ပစ္စည်းများဖြစ်ကြောင်း ဦးကျော်စိုးမှ မှတ်ကျောက်တင်၍ သိခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ကြေးနီအား ဆွဲကြိုးပုံနှင့်
ဟန်းချိန်းပုံပြုလုပ်ပြီးရွှေအထပ်ထပ်စိမ်၍ ကာလပေါက်ဈေးဖြင့် လိမ်လည်၍
ရွှေအဖြစ် လာရောက်ပေါင်နှံသူ သက်ပိုင်နှင့် နိုင်သူရတို့နှစ်ဦးအား
အရေးယူပေးပါရန် ဦးကျော်စိုးမှ တိုင်တန်းသဖြင့် ဖြူးမြို့မ ရဲစခန်းမှ (ပ)
၁၀၀/၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း
သတင်းရရှိသည်။
MOI Webportal Myanmar
No comments:
Post a Comment