12 March 2014

အင်းစိန်မြို့နယ်တွင် ဆေးလိပ်မီးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်

၁၂.၃.၂၀၁၄ရက်နေ့ ၁၇၁၅အချိန် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ဗောဓိညောင်ပင်လမ်း၊ အမှတ်(၇၈)ရှိအိမ်ရှင်ဦးစိန်ဝင်းမြင့်၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိနေအိမ် (၁၆)လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့၍ ၁၈၀၀ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုအားစစ်ဆေးရာ ဦးစိန်ဝင်းမြင့်၏သားဖြစ်သူ ဖိုးသကြား (ခ)နိုင်ဝင်းထွန်း(၂၆)နှစ်မှ နေအိမ်အပေါ်ထပ်တွင် သောက်လက်စ ဆေးလိပ်ကိုမီးမငြှိမ်းဘဲ ခြင်ဆေးခွေထွန်းသည့် ကော်ဖြင့်ပြုလုပ်ထားသော အခံခွက်အတွင်းထားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် စုစုပေါင်းတန်ဘိုးငွေကျပ် (၈၈)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။


ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် မီးပေါ့ဆစွာသုံးစွဲသူ ဖိုးသကြား(ခ)နိုင်ဝင်ထွန်းအား အင်းစိန်မြို့မရဲစခန်း(ပ)၂၃၈/၂၀၁၄၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်သည့် နေအိမ်(၁၆)လုံးမှ မိသားစုဝင်များအား ၀ါဦးပရိယတ္တိစာသင်တိုက်တွင်ကယ်ဆယ်ရေးစခန်း ယာယီဖွင့်လှစ်ကာ နေရာချထားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment