ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းဟန် ကျေးရွာအုပ်စုရှိ
နားကောင်းမူး ရဲကင်းမှ ၉ မိုင်ခန့်ကွာ ဝေးသည့် တောင်ယာတဲ တစ်ခုတွင် မတ်လ ၅
ရက် ည ၁၀ နာရီခန့်က လင်မယား စကားများရာမှ ဇနီးဖြစ်သူကို
ဓားဖြင့်ထိုးသတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း မိုင်းတုံ
မြို့မရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်း ရဲအရာရှိ ဒုရဲအုပ်ရွှေ့သန်းက ပြောကြားသည်။
“နားကောင်းမူးဘက်မှာ ဇနီးမောင်နှံ ကိစ္စနဲ့ လူသတ်မှုတစ်ခု ဖြစ်တယ်။ မယားကတော့
ပွဲချင်းပြီး သေတယ်။ လင်ကတော့ သူ့ကိုယ်သူ ဓားနဲ့ပြန်ထိုးလို့ ဖမ်းလာပြီး
မိုင်းတုံဆေးရုံကို ပို့ထားတာ ဒီမနက် (မတ်လ ၇ ရက်) ၃နာရီခွဲမှာ
ရတဲ့ဒဏ်ရာနဲ့ သေသွားပြီ” ဟု ၎င်းကဆိုသည်။
နားကောင်းမူးကျေးရွာ တောင်ယာတဲတွင် နေထိုင်သော ကျကျိုးတီးနှင့် ဇနီး
မနာထောတို့ ဇနီးမောင်နှံ ယင်းနေ့ ည ၁၀ နာရီဝန်းကျင်တွင် လင်မယား
စကားများရာမှ အိပ်ရာဘေးတွင် အသင့်ချထားသည့် ဓားဖြင့် မနာထော၏
ယာဘက်ရင်အုံကို ထိုးခဲ့ကြောင်း၊ ကျကျိုးတီးမှာ အိပ်ရာ၌ ပြန်အိပ်နေပြီး
နံနက် မိုးလင်းခါနီးတွင် ပတ်ဝန်းကျင်မှ ဆူဆူညံညံ အသံများ ကြားရ၍
ကြောက်လန့်ပြီး အိပ်ရာဘေးတွင် ရှိသော အရိုးအသွားတပ် အရှည် ၁၂
လက်မခန့်ရှိသော ဓားဖြင့် မိမိဝမ်းဗိုက်ကို နှစ်ချက် ထိုးခဲ့ကြောင်း
မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယမြို့နယ်မှူး ရဲအုပ်
ကျော်ဇင်လတ်က စစ်ဆေးတွေ့ရှိချက်ကို ပြောကြားသည်။
ယာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသူ ကုန်းဆာကျေးရွာနေ
အသက် ၂၀ ရှိ မနာထော၏ အလောင်းနှင့် ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ နှစ်ချက်ဖြင့်
ဒဏ်ရာရသူ အသက် ၂၆ နှစ်ရှိ ကျကျိုးတီးတို့ကို မိုင်းတုံဆေးရုံသို့
ခေါ်ဆောင်ခဲ့ပြီး ကျကျိုးတီးကို ဆေးကုသ စေခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
မိုင်းတုံ ပြည်သူဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တရားခံ ကျကျိုးတီးသည်
ရရှိထားသည့် ဒဏ်ရာဖြင့် မတ်လ ၇ ရက် နံနက် ၃ နာရီ ၃၀ မိနစ်တွင်
သေဆုံးသွားကြောင်း မိုင်းတုံ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မောင်မောင်ဌေးက
အတည်ပြု ပြောကြားသည်။
ကျကျိုးတီးကို ပုံပါကျင် နယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ) ၂/၂၀၁၄ ပြစ်မှု ပုဒ်မ
၃၀၂/၃၀၉ ဖြင့် အမှုဖွင့်ခဲ့သော်လည်း ၎င်းသည် သေဆုံးသွားပြီ ဖြစ်သဖြင့်
ရဲလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်
ရှိကြောင်း မိုင်းတုံ မြို့မရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ဝင်းဌေးထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment