တပတ်ကြာပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် လေယာဉ်ရဲ့ ဆက်သွယ်ရေး
စနစ်တွေကို လေယာဉ်ပေါ်မှာ ပါတဲ့ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိ ပိတ်ပစ်ခဲ့တာ
ဖြစ်ဖို့ သေချာသလောက်ပဲလို့ မလေးရှား ၀န်ကြီးချုပ်က မတ် ၁၄ ရက်နေ့မှာ
ပြောပါတယ်။
ဂြိုလ်တု ဆက်သွယ်ရေးစနစ်နဲ့ ရေဒါ အချက်အလက်တွေကို ခြေရာခံပြီး
ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောလိုက်တာပါ။ လေယာဉ်ပေါ်က ဆက်သွယ်ရေးစနစ်ကို
တယောက်ယောက်က ရည်ရွယ်ချက် ရှိရှိ ဖြတ်တောက်ပစ်ခဲ့ပြီး နောက်ထပ် ၇
နာရီကြာအောင် ပျံသန်းခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ကွာလာလမ်ပူကနေ-ဘေဂျင်းကို ပျံသန်းမယ့် လေယာဉ်ဟာ ကွာလာလမ်ပူကနေ စထွက်ပြီး
တနာရီအကြာမှာ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။ ရေဒါနဲ့ နောက်ဆုံး
ဖမ်းမိတဲ့နေရာဟာ မလေးရှားနိုင်ငံ အရှေ့ဘက်က တောင်တရုတ်ပင်လယ်ပြင်ပေါ်
ဖြစ်ပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီးချုပ်က ဂြိုလ်တုအချက်အလက်တွေအရ
ဆက်သွယ်ရေးစနစ်ကို တယောက်ယောက်က ရည်ရွယ်ချက်နဲ့ ပိတ်ပစ်ခဲ့တာ ဖြစ်နိုင်ခြေက
အတော်များတယ်လို့ ပြောပါတယ်။
ဆက်သွယ်ရေးစနစ်ကို ဖြတ်တောက်ခဲ့ပြီးနောက် လေယာဉ်ဟာ မလေးရှားဘက်ကို
နောက်ကြောင်းပြန်ပြီး အိန္ဒိယဘက်ကို ဦးတည်ပျံသန်းသွားခဲ့တယ်လို့ ပြောပါတယ်။
မလေးရှား စစ်တပ်ရေဒါကလည်း လေယာဉ်ကို မလက္ကာရေလက်ကြား မြောက်ဘက်မှာ
ခြေရာခံမိတယ်လို့ ပြောပါတယ်။ ပြန်ပေးဆွဲခံရတယ်လို့ ယတိပြတ် ကောက်ချက်
မဆွဲနိုင်သေးဘူးလို့ ၀န်ကြီးချုပ်က ပြောပါတယ်။
လေယာဉ်ရဲ့ ဦးတည်ရာ ဖြစ်နိုင်ခြေနှစ်ခုအနေနဲ့ ကာဇက်စတန်နဲ့ တာမင်နစ္စတန်
မြောက်ပိုင်းကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းတကျောလုံး၊ နောက်ထပ်
ဖြစ်နိုင်ခြေ နယ်ပယ်က အင်ဒိုနီးရှားတောင်ပိုင်းကနေ အိန္ဒိယသမုဒ္ဒရာ
တောင်ပိုင်းအထိ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ရှာဖွေရေးဟာ ဒုတိယအဆင့်ကို ရောက်နေပြီလို့ ၀န်ကြီးချုပ်က ပြောပါတယ်။
လေယာဉ်ပျောက်ရှာပုံတော်မှာ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအပါအ၀င် ၁၃
နိုင်ငံက သဘော် ၅၇ စင်း၊ လေယာဉ် ၄၈ စင်းက ပါဝင်ခဲ့နေကြပါတယ်။
လေယာဉ်ရဲ့ ဦးတည်ရာကို စစ်ဆေးနေတဲ့နေရာမှာ အမေရိကန် ပြည်ထောင်စုက
ကျွမ်းကျင်သူတွေကလည်း ပါဝင်နေတယ်လို့ မလေးရှားအရပ်ဘက်လေကြောင်းဌာနရဲ့
အကြီးအကဲ အာဇာရူဒင် အက်ဗဒူ ရာမင်က မတ်လ ၁၄ ရက်နေ့မှာပြောခဲ့ပါတယ်။
ဒါ့အပြင် MH 370 လေယာဉ်စက်ကို ဖန်တီးခဲ့ကြတဲ့ ကျွမ်းကျင်သူတွေ၊ ဗြိတိန်က
ကျွမ်းကျင်သူတွေလည်း မလေးရှားကို ရောက်နေပြီး လေယာဉ်ရဲ့ ဂြိုလ်တု
ဆက်သွယ်ရေး စနစ်ကို ပူးပေါင်း စစ်ဆေးနေတယ်လို့ မလေးရှားပို့ဆောင်ရေး
ဝန်ကြီးက မတ်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပဲ ပြောခဲ့ပါသေးတယ်။
ပျောက်ကွယ်သွားခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ယောက်နဲ့ လေယာဉ်ဝန်ထမ်း
၁၂ ပါဝင်ခဲ့ပါတယ်၊ ခရီးသည်တွေထဲက ၁၅၄ ယောက်က တရုတ်လူမျိုးတွေဖြစ်ပါတယ်။
ဒီဗွီဘီ/ burmese
No comments:
Post a Comment