17 March 2014

မြန်မာ့လေကြောင်း လက်ထောက် ကြီးကြပ်ရေးမှူးအိမ် ဖောက်ထွင်းခံရ

မြန်မာ့လေကြောင်းမှ လက်ထောက် ကြီးကြပ်ရေးမှူးအိမ် ဖောက်ထွင်းခံရမှု တစ်ခု မတ် ၁၅ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ရာ ရွှေထည်လက်ဝတ်ရတနာပစ္စည်း တန်ဖိုးပေါင်းကျပ်သိန်း ၃၀ ကျော်ပါဝင်သည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားသည်။
အမှုကို ဒဂုံတောင်မြို့နယ် (၂၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ် (၄၁၂)တွင် နေထိုင်သည့် မြန်မာ့လေကြောင်းမှ လက်ထောက်ကြီးကြပ်ရေးမှူးဖြစ်သူ ဦးထွန်းထွန်းခေါင်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ် သည်။
ဖြစ်စဉ်မှာ မတ်လ ၁၅ ရက်၊ ညနေ ၅နာရီက တရားလိုနှင့်မိသားစုသည် နေအိမ်တံခါးသော့ခတ်၍ ရွှေတိဂုံ စေတီသို့ သွားရောက် ဘုရားဖူးခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ည ၁၁ နာရီခွဲအချိန် နေအိမ်သို့ ပြန်ရောက်ခဲ့ရာတွင် နေအိမ်ခြေရင်းဘက်ရှိ ပြတင်းပေါက် သံ တိုင် သံဆန်ခါများ ပျက်စီးနေသည်ကို တွေ့ရှိခဲ့သည်။ ယင်းအပြင် နေအိမ်အတွင်းရှိ ပစ္စည်းများ ပြန့်ကျဲနေ သည်ကို တွေ့ရှိသဖြင့် စစ်ဆေးရာ နေအိမ်အိပ်ခန်းအတွင်းရှိ ဗီရိုအံဆွဲအတွင်း ထည့်ထားသည့် ရွှေထည် ပစ္စည်းများမှာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
ရွှေထည်များအပြင် ကင်မရာနှင့် နာရီများပါ ပါဝင်ပြီး စုစုပေါင်းအခိုးခံရသည့် တန်ဖိုးပေါင်းမှာ ကျပ်သိန်း ၃,၀၂၅,၀၀၀ ခန့်ရှိသည်ဟု ရဲထံထွက်ဆိုရာတွင် ပြောပြထားသည်။
ယင်းတိုင်တန်းမှုကို ဒဂုံတောင်ရဲစခန်း က (ပ)၂၃၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ခိုးယူသူအား ပုဒ်မ ၃၈၀ ဖြင့် အရေးယူနိုင်ရန် စုံစမ်းရှာဖွေလျက် ရှိသည်။

 Written by  ဇော်ဇော်ထွေး/mizzimaburmese

No comments:

Post a Comment