30 March 2014

ကင်ဆိုဟွမ်နှင့်အတူ ညစာစားခွင့်ရရန် ချမ်းသာကြွယ်ဝသော အမျိုးသမီးများက ဒေါ်လာတစ်သန်းဖြင့် ကမ်းလှမ်း


ဟောင်ကောင် မတ် ၂၈
ဟောင်ကောင်ရှိ ချမ်းသာကြွယ်ဝသည့် အသိုင်းအဝိုင်းမှ အမျိုးသမီးများသည် နာမည်ကြီး ကိုရီးယား မင်းသားချော ကင်ဆိုဟွမ်နှင့်အတူ ညစာစားခွင့် ရရန်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သန်း အကုန်အကျခံရန် ဆန္ဒရှိနေကြောင်း သိရသည်။
မင်းသားချော ကင်ဆိုဟွမ်သည် You Who Came from The Star ဒရမ်မာ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ပြီးနောက် တစ်ဟုန်ထိုး ကျော်ကြားလာခဲ့ခြင်းဖြစ်ပြီး အာရှပရိသတ်ကို ညှို့ယူဖမ်းစားနိုင်ခဲ့သူ ဖြစ်သည်။ ၎င်းကို နှစ်သက်သည့် ဟောင်ကောင်မှ ချမ်းသာကြွယ်ဝသည့် အမျိုးသမီး အသိုင်းအဝိုင်းသည် ၎င်းနှင့် အတူ ညစာတစ်နပ် စားခွင့်ရရန်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သန်းပေးမည်ဟု ၎င်းအား ကမ်းလှမ်းခဲ့သည် ဟု ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သည်။

ကမ်းလှမ်းခဲ့သော အမျိုးသမီးများအနက်၁ဝ ဦးသည် မင်းသား ကင်ဆိုဟွမ်နှင့်အတူ တွေ့ဆုံ၍ ညစာစားခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။ ထိုကဲ့သို့ မိမိနှစ်သက်သည့် အနုပညာရှင် များနှင့်အတူ ညစာစားခွင့်ရရန် ဖိတ်ခေါ်ခြင်း၊ မင်္ဂလာပွဲ၊ မွေးနေ့ပွဲများနှင့် ကုမ္ပဏီ အခမ်းအနားများတွင် အနုပညာရှင်များအား တက်ရောက်ရန် ဖိတ်ခေါ်မှုများသည် မကြာသေးမီ အချိန်ကစ၍ ရေပန်းစားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အက်ရှင်မင်းသား Leon Lai နှင့် အဆိုတော် မင်းသား ဂျူလီယန်ချောင် တို့သည်လည်း ထိုကဲ့သို့ ကမ်းလှမ်းခံရ ဖူးကြောင်း သိရသည်။

Myawady News

No comments:

Post a Comment