14 March 2014

စိတ်နှလုံးသားကို မာယာဆန်စွာ အချစ်နဲ့ သတ်လိုက်တဲ့ မာယာပရောဂျက်

ရုပ်ရှင်ဗီဒီယို ချစ်သူပရိသတ်များ ရဲ့ စိတ်နှလုံးသားကို ဇာတ်လမ်း အသွင် ဆန်းလေးနဲ့ ဇာတ်ကောင် စရိုက်ထူးခြားမှု ပြည့်နှက်နေတဲ့ ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်လမ်း အမျိုးအစား “မာယာပရောဂျက်” ဇာတ်ကားလေး အကြောင်း ဒီ တစ်ပတ်ထုတ် ပေါ်ပြူလာ ဂျာနယ်ကနေ မိတ်ဆက်ညွှန်းဆို လိုက်ရပါတယ်။ “မာယာပရောဂျက်” ဇာတ်ကား ရဲ့ ဇာတ်လမ်း အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ ကိုယ်ပြုသမျှ ကံအကျိုးအားလုံးက ကိုယ့်ထံပြန်ရောက် လာတတ်တာမို့ တစ်ဦး နဲ့တစ်ဦး အမုန်း အာဃာတ စိတ်များ မထားဘဲ အချစ်ရဲ့ အကောင်းအဆိုး ကို လူသားတိုင်း ထိတွေ့ ခံစားကြ ရမြဲဖြစ်ကြောင်းနဲ့ နားလည်ခွင့် လွှတ်ခြင်းများ ရောယှက် ထားတဲ့ အချစ်နဲ့ အေးချမ်း မှု ရှာကာ ဘဝတစ်ခု တည်ဆောက်ကြစေလိုကြောင်း ရည်ရွယ်ချက် နဲ့ ရိုက်ကူး ပုံဖော်ထားပါတယ်။
မိဘနှစ်ပါး ကွယ်လွန် ဆုံးပါးပြီးကတည်းက မောင်ဖြစ်သူ မိုးသက်တံ အပေါ် အရိပ်တကြည့်ကြည့် နဲ့ကိုယ့်အပါးမှ ပျောက်ကွယ်သွားမှာ မလိုလားသူ ကတော့ မိုးကြိုးမေ ပဲ ဖြစ်ပါတယ်။ မိုးကြိုး မေ ဇာတ်ရုပ်နေရာ မှာ သက်မွန်မြင့်က သရုပ် ဆောင်ထားပြီး မိုးသက်တံ ဇာတ်ရုပ်နေရာမှာ (ကျော်ကျော်)က ပါဝင် သရုပ်ဆောင်ထားပါတယ်။

 မောင်ဖြစ်သူ မိုးသက်တံမှာ ချစ်စရာကောင်းတဲ့ စွဲညှို့ရှင် ဆိုတဲ့ ချစ်သူ လေး ရှိနေတာ သိသွားပြီး အစ်မဖြစ်သူ မိုးကြိုးမေက သူ့တို့နှစ်ယောက် ကွဲကွာ သွားအောင် လင်း လုလင် ဆိုတဲ့ မျက်ခုံးလှလှ မျက်နှာပိုင်ရှင် ကောင်လေးကို အခကြေးငွေပေး စေခိုင်းဆောင်ရွက်ခဲ့ပါတယ်။
လင်းလုလင် ဇာတ်ရုပ်နေရာကို သရုပ်ဆောင် နေတိုးက သရုပ်ဆောင် ထားပြီး စွဲညှို့ရှင် ဇာတ်ရုပ်နေရာကို သရုပ်ဆောင် ဖွေးဖွေးက ပါဝင်သရုပ်ဆောင် ထားပါတယ်။ စွဲညှို့ရှင် ရဲ့ စိတ်နှလုံးသားကို စွဲကိုင်လှုပ်ပြီး ချစ်မေတ္တာကို ဟန်ပြ တစ်ဖက်သတ်ရယူ ပိုင်ဆိုင်ဖို့ ရည်ရွယ်ထားပေမယ့် စွဲညှို့ရှင် အပေါ် သံယောဇဉ်ကြိုး ကလေးများ တွယ်ငင် ရစ်ပတ်လာကာ လင်းလုလင် က အမှန်  တကယ် ချစ်ကြိုးသွယ်မိသွားခဲ့ပါတယ်။
မိုးကြိုးမေက လင်းလုလင်ကို အငှားစေ ခိုင်းပြီး ချစ်သူ မိုးသက်တံနဲ့ ဝေး သထက်ဝေး သွားအောင် ပြုလုပ်ခဲ့တာကို စွဲညှို့ရှင်က သိရှိသွားကာ လင်း လုလင် အပေါ် နာကြည်း မုန်းတီး သွားခဲ့ပါတယ်။ လင်းလုလင် အနေနဲ့ စွဲညို့ရှင်ကို အမှန်တကယ် ချစ်မိသွားပြီလို့ ရှင်းပြပေမယ့်လည်း စွဲညှို့ရှင်က မယုံကြည် လက်မခံတော့ ဘဲ ဖြစ် သွားပါတယ်။
အဲဒီနောက် မှာ လင်းလုလင်က မိုးကြိုးမေ ဆီသွားပြီး စွဲညှို့ရှင်နဲ့ ကိစ္စအကြောင်းကို ရှင်းပြဖို့ ဇွဲကောင်း ကောင်းနဲ့ တွေ့အောင် ကြိုးစားပေမယ့် မိုးကြိုးမေ က ရှောင်ခွာ ခွာ လုပ်နေရာ မှနောက်ဆုံးတော့ လက်ခံတွေ့ဆုံပြီး သံယောဇဉ်တွယ် ချစ်မိ သွားခဲ့ပါတယ်။ မိုးကြိုးမေဆီ လင်းလုလင် ရောက်နေချိန် မှာ အမှတ်တမဲ့ မိုးသက်တံ ရောက် လာကာ သူ့ချစ်သူ အပေါ် အပျော်ကြံ တယ်ဆိုတဲ့ ဒေါသစိတ် နဲ့ လင်းလုလင်ကို ထိုးကြိတ်ခဲ့ပြီး ရရှိသွားတဲ့ လင်းလုလင်ရဲ့ ဒဏ်ရာကို မိုးကြိုးမေက ဆေး ထည့် ပေး ရင်းက တစ်ဦးနဲ့ တစ်ဦးမေတ္တာ စိတ်တိမ်းညွတ်ကာ ချစ်သူတွေ ဖြစ်သွားခဲ့ ကြတယ်။ လင်းလုလင်နဲ့ မိုးကြိုးမေ တို့နှစ်ဦး အတူရှိနေစဉ်မှာ စွဲညှို့ရှင် ရောက် ရှိလာ ပြီး နှစ်ဦး စလုံးရဲ့ စိတ်နှလုံးသားတွေကို ခါးသီးတဲ့ အချစ်နဲ့ စိတ်ကျေနပ် အောင် အနိုင်ပိုင်း သတ်နိုင်ခဲ့ပြီလို့ လင်းလုလင်က ပြောဆိုပြီးနောက် မိမိရဲ့ နှလုံးသား ကိုလည်း မိမိပြန် သတ်ပစ်မယ်လို့ ပြောဆိုရင်း ရေထဲ ခုန်ချကာ မိမိ ကိုယ်ကိုယ် အဆုံးစီရင် ကာပျောက်ကွယ်သွားပါတယ်။
အဲဒီလို မာယာဝင်္ကပါထဲ က အချစ်တစ်ခုရဲ့ ခါးသီးဖွယ်ဖြစ်ရပ် ရက်ပေါင်း အတန်ကြာ သွားပြီးတဲ့အချိန်မှာ မိုးကြိုးမေနဲ့ စွဲညှို့ရှင် တို့ နှစ်ဦးရဲ့ စိတ်နှလုံးသား ပုံရိပ်တွေ ထဲမှာ လင်းလုလင် ရဲ့ပုံရိပ်တွေဟာ အတိတ်က အရိပ် တစ္ဆေခြောက်လှန့် မှုတွေအဖြစ် ပဟေဠိဆန်တဲ့ အချစ် ပုစ္ဆာတစ်ပုဒ် အနေနဲ့ ထင်ကျန်ရစ်နေခဲ့ပါ တယ်။ မာယာ ပရောဂျက် ရုပ်ရှင်ဇာတ်ကားကြီး ကို မိုးကောင်းကင် ရုပ်ရှင်ထုတ် လုပ်ရေးမှ ဖြန့်ချိပြီး လွန်းထားထားရဲ့ ဝတ္ထုကို သီဟစိုးက ဇာတ်ညွှန်းရေးသား ပြီး ဒါရိုက်တာဝိုင်း က အနုပညာ ရိုက်ကူး ပုံဖော်ထားပါတယ်။ သူတစ်ပါးရဲ့ စိတ် နှလုံးသားကို မာယာများတဲ့ အချစ်နဲ့ အသေသတ်ခဲ့ပြီး ကိုယ့်ရဲ့ စိတ်နှလုံးသား ကိုလည်း မာယာများတဲ့ အချစ် က ပြန်သတ်ခံ ရတဲ့အခါ မိမိအနေနဲ့ ကိုယ့်ကိုယ် ကိုယ် မိုးကြိုးမေလို ခံစားနေရမလား၊ စွဲညှို့ရှင်လို ခံစားနေရမလား။ လင်းလုလင် လိုခံစားနေရမလား ဆိုတာ သရုပ်ဆောင်များ ဖြစ်ကြတဲ့ နေတိုး၊ သက်မွန်မြင့်၊ ဖွေးဖွေးတို့ရဲ့ သုံးပွင့်ဆိုင် အချစ်မာယာချောက်နက် ထဲ ခုန်ဆင်းကြပုံ အနုပညာ ရသမြောက်စွာ သရုပ်ဆောင် မှုတွေ ကို မတ်လ ၁၄ ရက်နေ့ ကစပြီး မြန်မာ တစ်နိုင်ငံလုံး မှာ ရုံတင်ပြသတဲ့ အခါ ကြည့်ရှုရင်း အမေး ပဟေဠိ အဖြေညှိ ကြစေချင် ပါတော့တယ်။

ကိုကြီးမောင်/popularmyanmar

No comments:

Post a Comment