19 March 2014
သန်းခေါင်စာရင်းတွင် မြန်မာ/ဗမာ မွတ်ဆလင်ဟု မထည့်ရန် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး ကြေညာ
ရန်ကုန်၊ မတ် ၁၈
သန်းခေါင်စာရင်း ကောက်ယူရာတွင် မြန်မာသို့မဟုတ် ဗမာမွတ်ဆလင်ဟု ထည့်သွင်းခြင်း မပြုလုပ်ဘဲ ဘာသာနေရာတွင် အစ္စလာမ်နှင့် လူမျိုးနေရာတွင် မိမိ၏ လူမျိုးစု အမည်မှန်ကို ထည့်သွင်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက မတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
မြန်မာ/ဗမာတို့မှာ လူမျိုးကို ကိုယ်စားပြုပြီး မွတ်ဆလင် ဆိုသည်မှာ ဘာသာကို ကိုယ်စားပြုသဖြင့် လူမျိုးနှင့် ဘာသာကို ပေါင်းစပ်ထားသည့် စကားလုံးကို ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ထည့်သွင်းခွင့် မပြုသဖြင့် ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာမွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ) အတွင်းရေးမှူးချုပ် ဟာဂျီကျော်ခင်က ပြောကြားသည်။
“မြန်မာသမိုင်း တစ်လျှောက်မှာ ရှိခဲ့တဲ့ စကားလုံး ဖြစ်ရမယ်။ ထွင်ထားတဲ့ စကားလုံး မဟုတ်ရဘူး။ အရင်အစိုးရလက်ထက်က သန်းခေါင်စာရင်း ကောက်ခဲ့တဲ့ အခါမှာလည်း တရားဝင် ကြေညာခဲ့တဲ့ အမည်နာမ ဖြစ်ရမယ်” ဟု ၎င်းကဆိုသည်။
သန်းခေါင်စာရင်း ကောက်ရာတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် ရခိုင်ပြည်နယ်တွင် ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ယင်းနှင့်ပတ်သက်၍ ဟာဂျီကျော်ခင်က “တစ်ဖက်ကလည်း ရိုဟင်ဂျာလို့ ထည့်ချင်ကြတယ်။ လ.၀.ကဝန်ကြီး ဦးခင်ရီကလည်း ထည့်ခွင့်ပေးထားတယ်။ လူမျိုးသတ်မှတ်ချက်က လွှတ်တော်က ဆုံးဖြတ်ရမယ့်ကိစ္စပါ” ဟု ဆိုသည်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခဲ့ပါက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု အထောက်အထား ပြစရာ ရရှိသွားမည်ဖြစ်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည့်အပြင် ပြည်တွင်း အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်သဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်ခန့်က မတ်လ ၁၆ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ရုပ်သိမ်းကြောင်းကို မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ အစိုးရက တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီထံမှ သိရှိရသည်။
နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးတွင် မြန်မာ မွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မ.အ.ဖ) ဌာနချုပ် အပါအဝင် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းလေးခု ပါဝင်သည်။
The Voice
No comments:
Post a Comment