09 March 2014
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် သီးခြားဆွေးနွေး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် သမ္မတလယ်တောရိပ်သာမှာ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့တွေ့ဆုံတာဟာ နိုင်ငံကောင်းရာကောင်းကျိုး ပူးပေါင်းဆောင်ရွက်နိုင်တာတွေကို ဆွေးနွးဖို့ တွေ့ဆုံတာဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ပြောပါတယ်။
"ဒီကနေ့ညနေ ၅ နာရီတွေ့ပါတယ်၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်က နဂိုကတည်းက မတူတာတွေခွဲလုပ်မယ်၊ တူတာတွေတွဲလုပ်မယ်ဆိုတဲ့ အဆင့်ကိုသွားတယ်၊ ဒုတိယအဆင့်ကျတော့ တူတဲ့ဟာတွေကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းဆွေးနွေးပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတဲ့အဆင့်ကို သွားတယ်ဆိုပြီးတော့ ခေါင်းဆောင်တွေက စံနမူနာပြပြီးတော့လုပ်တယ်၊ အလားတူပဲ သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခဏ တွေ့ဆုံလျှက်ရှိပါတယ်၊ ပြောရရင်တော့ မောင်နှမလို ဆွေးနွေးတိုင်ပင်တာရှိပါတယ်၊ ခုအခါလည်း နှစ်ယောက်တည်း သီးခြားတွေ့တာပါ၊ နိုင်ငံ့ကောင်းရာကောင်းကျိုး ပူးပေါင်းဆောင်ရွက်မယ့်ဟာတွေ ဆွေးနွေးတာပါ"
အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ လေးပွင့်ဆိုင်တွေ့ဆုံဖို့ တောင်းဆိုခဲ့တာကို သမ္မတ ဦးသိန်းစိန်က ငြင်းပယ်ခဲ့ပါတယ်။
အဲဒီအချိန်နောက်ပိုင်းမှာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက်တည်း သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာကိုတော့ မသိရှိရသေးပါဘူး။
RFA Burmese
No comments:
Post a Comment