ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်အတွင်း ဧရာဝတီ မြစ်ဆုံဒေသအနီးရှိ
အင်ခိုင်ဘွမ် တောင်တန်းဒေသကို အမျိုးသား ဥယျာဉ်ပြုလုပ်ရန် (သဘာဝ
ထိန်းသိမ်းရေးနယ်မြေ တည်ထောင်ရန်) အတွက် စီမံချက်ကို မတ်လအတွင်း အပြီးသတ်
ရေးဆွဲကာ ပြည်ထောင်စု အစိုးရထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်နယ်
သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းဌေးက ပြောကြားသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြိုနှင့် မိုင် ၂၀
ခန့်အကွာရှိ အင်ခိုင်ဘွမ်တောင်တန်း၊ ရေဝေကုန်းတန်းများနှင့် ပတ်ဝန်းကျင်
ဒေသ ၇၃,၀၀၀ ဧကကျော်ကို ထိုဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ သဘာဝ
အရင်းအမြစ်များနှင့် ရေဝေရေလဲဒေသ ထိန်းသိမ်းရန်အတွက် အမျိုးသားဥယျာဉ်
တည်ထောင်ရန် (သဘာဝ ထိန်းသိမ်းရေးနယ်မြေ တည်ထောင်ရန်) စီမံချက်
ရေးဆွဲနေသည်မှာ တစ်နှစ်ခန့်နီးပါး ရှိပြီဖြစ်ပြီး ပြည်ထောင်စု
အစိုးရမှာလည်း အမြန်တင်ပြရန် အကြောင်းကြားလာပြီ ဖြစ်သောကြောင့် ယခုလတွင်
အပြီးသတ် ရေးဆွဲတင်ပြသွားမည် ဖြစ်ကြောင်း ညွန်ကြားရေးမှူး ဦးသန်းဌေးက
ဆက်လက်ပြောကြားသည်။
“အင်ခိုင်ဘွမ် တောင်တန်းဒေသ ထိန်းသိမ်းရေးအတွက် ဝန်ကြီးချုပ်က
ပြည်ထောင်စုအစိုးရကို တင်ပြလိုက်တာပါ။ အင်ခိုင်ဘွမ် ဒေသမှာရှိတဲ့ တောတွေက
တော်တော်ကောင်းသေးတယ်။ သဘာဝ ထိန်းသိမ်းရေး နယ်မြေတစ်ခုဖြစ်ပြီ ဆိုရင်တော့
အကျိုးအများကြီး ရှိမှာပါ” ဟု ၎င်းကဆိုသည်။
အင်ခိုင်ဘွမ်ဒေသကို အမျိုးသားဥယျာဉ် သဘာဝထိန်သိမ်းရေး နယ်မြေအဖြစ်
ထိန်းသိမ်းပြီးပါက ယင်းဒေသတွင် အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ
တည်ထောင်ခြင်း၊ သဘာဝ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဒေသခံများ၏
တောထွက်ပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် အပန်းဖြေ
နားနေနိုင်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပြီး အင်ခိုင်ဘွမ်
အမျိုးသားဥယျာဉ်ကို ကချင် ပြည်နယ်၏ ဂုဏ်ထူးဆောင် အထင်ကရ နယ်မြေ ဖြစ်စေရန်
ပြုလုပ်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ အကြီးတန်း
အရာရှိတစ်ဦးက ဖြည့်စွက် ပြောကြားသည်။
ယခင်က ကချင်ပြည်နယ်တွင် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအဝင် သဘာဝ
ထိန်းသိမ်းရေး နယ်မြေခုနစ်ခုရှိရာ အင်ခိုင်ဘွမ် တောင်တန်းဒေသကို
အမျိုးသားဥယျာဉ်အဖြစ် တည်ထောင်နိုင်ပါက ကချင်ပြည်နယ်တွင်
အမျိုးသားဥယျာဉ်နှစ်ခု ရှိလာမည် ဖြစ်ပြီး သဘာဝ ထိန်းသိမ်းရေး
နယ်မြေအားဖြင့် ရှစ်ခုထိ ရှိလာမည် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment