12 March 2014

ဦးကျော်သူဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေမည်

                                           ၂၀၁၃ခုနှစ် သင်္ကြန်ပွဲတော်တွင် တွေ့ရသည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့ဖျော်ဖြေမှု

ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း၏ သံချပ်အဖွဲ့သည် ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါသံချပ်အဖွဲ့သည်  ၂၀၁၃ ခုနှစ် သင်္ကြန်ကာလမှ စတင်ကာ ရန်ကုန်မြို့တွင် လှည့်လည်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင်လည်း ထပ်မံလှည့်လည်ဖျော်ဖြေရန် စီစဉ်လာခြင်းဖြစ်သည်။

“ဒီနှစ်မှာလည်း သံချပ်အဖွဲ့ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။ အားလုံးလည်း ကြိုတင်တိုက်ထားပြီးပါပြီ။ သံချပ် ဆိုတာကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်တာပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှုအတိုင်း ဖော်ထုတ် တင်ပြတာကို စိစစ်မှုတွေ၊ ကန့်သတ်တာတွေ ရှိနေတာကတော့ မကောင်းဘူးပေါ့။ ကျွန်တော် တို့ကတော့ ပရိသတ်ကို တတ်နိုင်သလောက် တင်ပြတဲ့သဘောနဲ့ လှည့်လည်ဖျော်ဖြေဖို့ စီစဉ်ထားတာပါ” ဟု နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဦးကျော်သူက ရှင်းပြခဲ့သည်။                
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏သံချပ်အဖွဲ့ကို အလှပြယာဉ်များနှင့်အတူ လှည့်လည် တင်ဆက်သွား မည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများကို စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်သင်္ကြန်ကာလတွင် သံချပ်အဖွဲ့များ လှည့်လည် တင်ဆက်နိုင်ရန် စီစဉ်လျက်ရှိပြီး သံချပ်စာသားများ ကြိုတင် တင်ပြရန်ထုတ်ပြန် ခဲ့ခြင်းအပေါ် သံချပ်တင်ဆက်မည့် အနုပညာရှင်အချို့အနေဖြင့် ဝေဖန်မှုများပြုလုပ်ခဲ့သည်။ သင်္ကြန်ကာလ တွင် သံချပ်ဖျော်ဖြေမှုများမှာ ဆယ်စုနှစ်နှစ်ခုကျော်ခန့် ကွယ်ပျောက်သွားခဲ့ရာမှ ၂၀၁၂ ခုနှစ်ခန့်မှစတင်ကာ ပြန်လည်ပြုလုပ်လာကြခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း သင်္ကြန်သံချပ်အဖွဲ့များ လှည့်လည်ဖျော်ဖြေရန် ပြင်ဆင်လာကြသည်။
Eleven Media Group

No comments:

Post a Comment