အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံ တမူးမြို့သို့
အရောင်းအဝယ် ကိစ္စဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရောက်ရှိနေခဲ့သော
အိန္ဒိယနိုင်ငံသားနှစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း အိန္ဒိယနိုင်ငံ
အခြေစိုက် သတင်းမီဒီယာမျာတွင် ဖော်ပြထားသည်။
မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန၏ ခွင့်ပြုချက်ဖြင့် ဖေဖော်ဝါရီလ ၁၁
ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် အမှတ် (၂) မှ တမူးမြို့သို့ ကျောင်းသုံး
ဝတ်စုံများ ရောင်းချရန် ဝင်ရောက်ခဲ့သော အိန္ဒိယနိုင်ငံသား ဆစ်ခ်လူမျိုး
ခြောက်ဦးအနက် နှစ်ဦးသည် နေရပ်သို့ ပြန်ရောက်လာခြင်း မရှိဘဲ
ပျောက်ဆုံးနေကြောင်း အိန္ဒိယနိုင်ငံ မိုးရေးမြို့နှင့် နယ်စပ် လူဝင်မှု
ကြီးကြပ်ရေးရုံး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ အိန္ဒိယနိုင်ငံသား နှစ်ဦး ပျောက်ဆုံးနေမှုကို ရှာဖွေဖော်ထုတ်ပေးရန်
အိန္ဒိယနိုင်ငံ နယ်စပ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် မိုးရေးမြို့
အစိုးရအရာရှိများက တမူးမြို့ နယ်စပ်လူဝင်မှု ကြီးကြပ်ရေးရုံးသို့
ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စာတစ်စောင် ပို့ခဲ့ကြောင်း ယင်းသတင်းများအရ သိရသည်။
တမူးမြို့သို့ ရောက်ရှိစဉ် ပျောက်ဆုံး သွားသူများမှာ အသက် ၃၀ အရွယ်
Sanvender နှင့် အသက် ၃၃ အရွယ် Dhaljit တို့ ဖြစ်ကြောင်း၊ အကယ်၍
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၎င်းတို့ကို ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်ရှိသော်
အိန္ဒိယအစိုးရထံ အကြောင်းကြားပေးရန် အိန္ဒိယ နယ်စပ်လူဝင်မှု ကြီးကြပ်ရေးရုံးက
တောင်းဆိုခဲ့သည်။
အဆိုပါ အိန္ဒိယနိုင်ငံသားနှစ်ဦး ပျောက်ဆုံးမှုကို ယနေ့တိုင်တစ်စုံတစ်ရာ
စုံစမ်းဆောင်ရွက်ခြင်း မရှိသေးသည့် အိန္ဒိယအစိုးရ နယ်စပ်ရေးရာ အရာရှိများ၊
လုံခြုံရေးတပ်ဖွဲ့ကို ရှုတ်ချသည့်အနေနှင့် မိုးရေးမြို့မှ
တက်ကြွလှုပ်ရှားသူများက ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင်
စီးတန်းလှည့်လည် ဆန္ဒပြထုတ်ဖော် ခဲ့ကြကြောင်း သတင်းဌာန အချို့တွင်
ရေးသားဖော်ပြထားသည်။
ဆန္ဒပြမှုကို ဦးဆောင်သော အိန္ဒိယ တက်ကြွ လှုပ်ရှားသူများသည်
ပျောက်ဆုံးသူများကို အမြန်ဆုံး ရှာဖွေပေးခြင်း မရှိပါက အိန္ဒိယ-မြန်မာ
နယ်စပ်ကုန်သွယ်ဂိတ်များ အားလုံးကို ပိတ်ဆို့၍ ဆန္ဒပြမှုများ
ပြုလုပ်သွားမည်ဟုလည်း ကြေညာခဲ့သည်။
မိုးရေးမြို့၏ အထင်ကရ တက်ကြွ လှုပ်ရှားသူများ အဖွဲ့ဖြစ်သည့် HTC, MCM,Tamil
Sangam, MMCM, ACODOM, KWUHR တို့ကလည်း ပျောက်ဆုံးသူများကို
ရှာဖွေပေးရန်အတွက် မိုးရေးခရိုင်ရုံးနှင့် တမူးခရိုင်ရုံးများသို့
တောင်းဆိုခဲ့ကြသည်။
တမူးမြို့သို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အရောင်းအဝယ် ကိစ္စဖြင့် ဝင်ရောက်
လာခဲ့သော အိန္ဒိယနိုင်ငံသား ခြောက်ဦးသည် တမူးသို့ ရောက်ရှိစဉ်က
နှစ်ယောက်တစ်ဖွဲ့ဖြင့် အဖွဲ့သုံးဖွဲ့ခွဲ၍ ထွက်ခွာ သွားခဲ့ကြကြောင်း၊
ယင်းခြောက်ဦးအနက် လေးဦးမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင်
မိုးရေးမြို့သို့ ပြန်လည် ရောက်ရှိ လာခဲ့သော်လည်း ကျန်နှစ်ဦးမှာ
ညနေစောင်းသည်အထိ ရောက်ရှိခဲ့ခြင်း မရှိကြောင်း နှစ်နိုင်ငံ
နယ်စပ်ကုန်သည်များ အသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပျောက်ဆုံးသူများကို ရှာဖွေရန်အတွက် အခြားကုန်သည်လေးဦးက
ယင်းနေ့တွင်ပင် မြန်မာနိုင်ငံနယ်စပ် လူဝင်မှု ကြီးကြပ်ရေးရုံး၊ လုံခြုံရေး
တပ်ဖွဲ့ဝင်များထံသို့ အကြောင်းကြား၍ ရှာဖွေမှုများ ပြုလုပ်လျက် ရှိသော်လည်း
ပျောက်ဆုံးသူများနှင့် ပတ်သက်၍ သတင်းတစ်စုံတစ်ရာ မသိရှိသေးကြောင်း
ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Weekly
No comments:
Post a Comment