21 February 2014

သမီကလေး ကျေးရွာသားတွေကို အစိုးရ နေရာချထားပေးမည်

           
တပ်ပိုင်မြေဆိုပြီး အင်အားသုံးဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာက အိမ်ထောင်စု ၁၅၀ ကျော်ကို နေပြည်တော် အမြန်လမ်းမနားမှာ နေရာချထားပေးမယ်လို့ သက်ဆိုင်ရာက စီစဉ်တဲ့အကြောင်း ဒုက္ခသည်တွေ ယာယီခိုလှုံနေတဲ့ အလံနီကျေးရွာ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်က ဒီနေ့ မိန့်ကြားပါတယ်။

ဘုန်းတော်ကြီးကျောင်းဝင်းမှာ ခိုလှုံနေသူတွေအတွက် မြေ ၉ ဧကမှာ နေရာချထားပေးမှာလို့ ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။

"ဒီနေ့နေ့လည် ၂ နာရီခွဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း ကိုယ်တိုင်လာပြီးတော့ ကြေညာသွားပါတယ်၊ ဒီသမီးလေးကျေးရွာ ဖျက်ခံထားတဲ့ အိမ်ထောင်စုပေါ့နော်၊ အိမ်ထောင်စု အကုန်လုံးတော့ မဟုတ်ဘူး၊ ဦးဇင်းကျောင်းမှာရှိနေတဲ့ အိမ်ထောင်စု ၁၅၇ အတွက်ကိုတဲ့ လှည်းကူးမြို့နယ် ဖောင်ကြီး မင်းကုန်ပေါ့၊ အဲဒီ မင်းကုန်းနားက ရွာဘေးနားမှာ မြေဧက ၉ ဧကပေါ်မှာ အားလုံးပဲ ရွာသားတွေကို မြေနေရာပြန်ချပေးပါမယ်ဆိုတဲ့ တရားဝင် ကြေညာသွားပါတယ်၊ ပေ ၄ဝ ပေ ၆ဝ လမ်းတွေရောပါမယ်၊ ဆေးရုံဆေးခန်းနဲ့လည်း နီးတယ်တဲ့၊ အထက်တန်းကျောင်းတွေနဲ့ နီးတယ်လို့ပြောတယ်၊ နေပြည်တော် အမြန်လမ်းမကြီးဘေးနားမှာ"

အဲဒီ အိမ်ထောင်စု ၁၅၇ စု ကိုပဲ အပိုအလိုမရှိ အတိအကျ နေရာချထားပေးမယ်လို့လည်း ဆိုပါတယ်။
လှည်းကူးမြို့နယ်မှာ သမီးလေးကျေးရွာသာမက တခြားရွာတွေလည်း ရွှေ့ပြောင်းခံရပြီး ဒီရွာတွေထဲမှာ သမီးလေးရွာဟာ လူဦးရေ အများဆုံးနဲ့ ဖျက်ဆီးခံရတဲ့ အတိုင်းအတာက အကြီးမားဆုံးပဲလို့ လှည်းကူးမြို့နယ်က ဦးသက်ခိုင်က ပြောပါတယ်။

"ဖျက်ထားတဲ့ရွာက လက်ရှိ ၅ ရွာရှိတယ်ခင်ဗျ၊ အဲဒီလူတွေက နီးစပ်တဲ့ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ တက်နေကြတာပေါ့နော်၊ သမီးလေးရွာက နည်းနည်းကြီးတယ်ဗျ၊ နောက် ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်တဲ့ အတိုင်းအတာပေါ့နော်၊ ဖျက်ဆီးတဲ့အခါမှာလည်း လူအင်အားသုံးတာလည်း များတယ်ခင်ဗျ၊ ရွာဖျက်ခံရတဲ့ အိမ်ထောင်စုရော လူဦးရေရော အများဆုံးရွာဖြစ်တယ်"

ဖေဖော်ဝါရီ ၄ ရက်နေ့က သမီးလေးရွာအဖျက်ခံရချိန်မှာ ရွာသူရွာသားတွေဟာ ရရာအထုပ်ဆွဲပြီးပြေးကြရပါတယ်။ စားရေးသောက်ရေးနဲ့ အလုပ်အကိုင်ရရှိရေးထက် နေစရာကပိုအရေးကြီးတာမို့ ခုလို နေရာချထားပေးမယ်ဆိုတဲ့အတွက် နေစရာအတွက် စိတ်အေးသွားရပြီး ဘ၀ရပ်တည်ရေးအတွက် နောက်ပိုင်းမှ ဆက်လက်ဆောင်ရွက်ရလိမ့်မယ်လို့လည်း ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။

RFA Burmese
   








                             

No comments:

Post a Comment