27 February 2014

၁၅ နှစ်အရွယ် မိန်းကလေးအား တရုတ်နိုင်ငံသို့ရောင်းစားရန် ငွေဖြင့်စည်းရုံး

ရန်ကုန်လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စု၏ အကြောင်းကြားချက်အရ ဖေဖေါ်ဝါရီ ၂၅ ရက်တွင် အဝေးပြေးယာဉ်ပေါ်၌ မသင်္ကာဖွယ် အမျိုးသမီး ၂ ဦး လိုက်ပါသွားကြောင်း မူဆယ်မြို့၊ ၁ဝ၅ မိုင် စစ်ဆေးရေး စခန်း၌ စောင့်ကြည့်ခဲ့ရာ ၂၆ ရက် ညနေက သတင်းပေးပို့ချက်အရ  ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နေသူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် နေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတို့ကို ခေါ်ယူစစ်ဆေးခဲ့သည်။
၎င်းတို့အားစစ်ဆေးရာ ရန်ကုန် ရွှေဆံတော် ဘုရားပေါ် ၌ တွေ့ဆုံခဲ့ပြီး  ခေါ်ဆောင်လာသူ အမျိုးသမီးမှ အထည်ဆိုင်တွင် စရိတ်ငြိမ်း ၆ဝဝဝဝ ကျပ်ရမည် ဖြစ်ပြီး ၁နှစ်ခန့် လုပ်ပါက ( လေးငါးဆယ်သိန်း) ရမည်ဟု ပြောဆိုစည်းရုံးခဲ့သည်။

ခေါ်ဆောင်သူ အမျိုးသမီး ကိုယ်တိုင်လည်း တရုတ်နိုင်ငံတွင် တရုတ် ယောကျာင်္းနှင့် အိမ်ထောင်ကျခဲ့ပြီး ယခင်ကလည်း မိန်းကလေး တစ်ဦးအားပို့ဆောင်ပေးခဲ့ရာ တရုတ်ယောကျာင်္းယူ၍ ကောင်းစားနေကြောင်း ပြောဆို စည်းရုံးကာ တရုတ်နိုင်ငံသို့  ပို့ဆောင်ရောင်းစားရန် ခေါ်ဆောင်သွားခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည် ဟု  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှတ်တမ်းများအရ သိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ခေါ်ဆောင်သူအား အရေးယူပေးရန် ရဲအုပ် အောင်မျိုးထွဋ် လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စု (၁၇) မူဆယ်မြို့ မှ တရားလို ပြုလုပ်တိုင်တန်း၍ မူဆယ်မြို့မ ရဲစခန်း (ပ) ၃၉/၂ဝ၁၄ ၊ လူကုန်ကူး ပုဒ်မ ၂၄/၃၂ အရ အမှုဖွင့် အရေးယူထားသည်။

 ဂျွန်ချစ်ငြိမ်း/mizzimaburmese

No comments:

Post a Comment