17 February 2014

မှော်ဘီတွင် အမျိုးသားတစ်ဦး နွားလှည်းကြိတ်မိ၍ သေဆုံး

ရန်ကုန်၊ မဇ္ဈိမ။ ။ မှော်ဘီမြို့နယ်တွင် အမျိုးသားတစ်ဦး နွားလှည်းကြိတ်မိပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က
ဖြစ်ပွားသဖြင့် မှော်ဘီမြို့နယ် မြို့နယ်ရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေသည်။
လူတစ်ဦး နွားလှည်းကြိတ်မိ၍ ဆေးရုံသို့ သေဆုံးရောက်ရှိနေသည်ကို ညနေ ၅နာရီ ၂၀ မိနစ်အချိန် သတင်းအရ မြို့နယ်စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဆေးရုံတွင် ကျောကုန်း၊ ရင်ဘက်တို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိသေဆုံးနေသူမှာ နှောကန်းကျေးရွာအုပ်စု၊ စွယ်တော်ကုန်းကျေးရွာနေ ဦးတင်ငွေ (၃၅)နှစ်ဖြစ်သည်ဟု အတည်ပြုထားသည်။
သေဆုံးသူသည် မွန်းလွန် ၃နာရီက စပါး (၁၈)တင်း တင်ဆောင်ထားသည့် နွားလှည်းနှင့်အတူ ကိုယ်တိုင်မောင်းနှင်ပြီး စပါးကြိတ်ရန် ဦးကျော်အောင် ဆန်စက်သို့ သွားရောက်ခဲ့သည်ဟု ကနဦးအရ သိရှိထားသည်။

ထို့နောက် လမ်းပေါ်ရှိ အနက်(၁)ပေခန့်ရှိသော ချိုင့်ခွက်ထဲသို့ လှည်းဘီးကျပြီး ဆောင့်မိစဉ် နွားများလန့်၍ ထွက်ပြေးသဖြင့် ကိုင်တင်ငွေမှာ နွားနှင့်လှည်းဘီးကြားသို့ ပြုတ်ကျခဲ့သည်။
ထို့နောက် လှည်းဘီးဖြင့် ကြိတ်မိသဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသဖြင့် ဓမ္မတာတိုင်း ဖြစ်ပွားသေဆုံးခဲ့ခြင်း ဟုတ်မဟုတ်
ဆက်လက်စစ်ဆေးနိုင်ရန် မှော်ဘီရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးနေသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


No comments:

Post a Comment