ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ
အမျိုးသမီး တေးဂီတအဖွဲ့တွေရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး
ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ
ဖော်ပြထားပါတယ်။
ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိခဲ့တဲ့ အမျိုးသမီး K pop
အဖွဲ့တွေရဲ့ တေးဂီတ ဗီဒီယိုတွေဟာ အလွန်အကျွံ လိင်ဆွဲဆောင်မှုတွေ
ပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကိုရီးယား ဆက်သွယ်ရေး
စံချိန်စံညွှန်း ကော်မရှင်က SBS ရုပ်သံလိုင်း ရဲ့ Inkigayo ဂီတအစီအစဉ်နဲ့
KBS ရုပ်သံလိုင်းရဲ့ Music Bank ဂီတအစီအစဉ်က တာဝန်ရှိသူတွေကို အစည်းအဝေး
ခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က ရုပ်သံ
အစီအစဉ်တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာထိသာ
ခွင့်ပြုမယ်ဆိုတဲ့ သူတို့ရဲ့ သတ်မှတ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဂီတ
အစီအစဉ်တွေမှာ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ဘယ်လို
ကိုင်တွယ်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က အမျိုးသမီး K pop
အဖွဲ့တွေရဲ့ ဖျော်ဖြေ တင်ဆက်ပုံတွေဟာ အလွန်အကျွံ အဆင့်ကို ရောက်ရှိနေပြီး
တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းဖို့ လိုနေပြီလို့လည်း
ပြောကြားခဲ့ပါတယ်။
ပရိသတ်အချို့ကတော့ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုတွေက ဈေးကွက်ထဲမှာ
အများအပြား ရှိနေပြီ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ ယခု လုပ်ရပ်ဟာနောက်
တောင်ကျနေပြီလို့ ပြောကြားခဲ့ပါတယ်။
The Voice Weekly
No comments:
Post a Comment