15 February 2014

ရွှေဆိုင် နှင့် အင်းဝဘဏ်တို့တွင် လုယက်မှု ကျူးလွန်ခဲ့သူများအား ပြင်းထန်စွာ အရေးယူဆောင်ရွက်

နေပြည်တော် ၊ ၁၅-၂-၂၀၁၄

မော်လမြိုင် မြို့နယ် ဇင်းကျိုက် ကျေးရွာ အမှတ်(၉) ရပ်ကွက် အိမ်အမှတ် (၆၈) ဦးတင်မြင့် ရွှေဆိုင်၌ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေထည့် ထားသည့် မှန်ဗီရိုအား သေနတ်ဒင် ဖြင့် ရိုက်ခွဲ၍ ရွှေဆွဲပြား စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၂ဝ ခန့် လုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ ဗိုလ်ကြီး အောင်ခန့်မင်း အား စစ်ဘက်ဥပဒေ နှင့်အညီ အကျဉ်း စစ်တရားရုံးချုပ် ဖြင့် စစ်ဆေး ခဲ့ရာတွင်
တရားခံ၏ ဝန်ခံချက်နှင့် သက်သေ ထွက်ဆိုချက် များအရ ပြစ်မှု ထင်ရှားသဖြင့် ၄င်းအား ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်တွင် တပ်မတော်မှ ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်ဒဏ် နှင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁ဝ နှစ်အား နယ်ဘက် အကျဉ်းထောင် တွင်ကျခံ စေခဲ့သည်။

ဗြိတိန်မင်းသား ရေဘေးကယ်ဆယ်ရေး ကူညီလုပ်ကိုင်

ဗြိတိန်မင်းသား ၀ီလီယံနဲ့ ဟယ်ရီတို့ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရေလွှမ်းမိုးခံနေရတဲ့ လန်ဒန်မြို့နားက ဘတ်ရှိုင်းယားရွာကို သွားရောက်ပြီး ရေဘေးကယ်ဆယ်ရေးတွေ သွားရောက်လုပ်ကိုင်ခဲ့ကြပါတယ်။
ဗြိတိန် တော်ဝင်ညီအကို နှစ်ယောက်လုံးဟာ ဗြိတိန်စစ်တပ်မှာ ကာလရှည်ကြာ အမှုထမ်းနေကြပြီး ရေဘေးကယ်ဆယ်ရေး စစ်မှုထမ်းတွေနဲ့ သွားရောက်ကူညီရေးလုပ်ခဲ့တာပါ။ ညီအကိုနှစ်ယောက်လုံးဟာ သတင်းသမားတွေနဲ့ စကားပြောဆိုဖို့ ဆန္ဒမရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
မင်းသားဝီလီယံက သတင်းသမားတွေကို ကင်မရာတွေ ကိုင်ထားမှာထက် လာပြီးကူညီသင့် တယ်လို့ ပြောကြားခဲ့ပါတယ်။ မင်းသားဟယ်ရီကလည်း သတင်းထောက်တွေရှိတာ အဆင်မပြေဘူးလို့လည်း ပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုကြုံနေပြီ နိုင်ငံ အနောက်တောင်ပိုင်းနဲ့ နိုင်ငံတောင်ပိုင်းက သိမ်းမြစ်တလျှောက်မှာ အဓိကရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေတာပါ။

နိုင်ငံသားတစ်ဦးချင်းစီ တာဝန်ယူ ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် မြင်လိုကြတယ်ဆိုရင် သူတစ်ပါးက လာရောက်ကြိုးပမ်းပေးမှာကို မျှော်လင့်မနေကြပဲ  နိုင်ငံသားတစ်ဦးချင်းစီက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်မှာ ဒီနေ့ ၂ ရက်မြောက်နေ့အဖြစ်ကျင်းပတဲ့ ဧရာဝတီ စာပေ ပွဲတော်မှာ “စကားစမြည်” လို့ အမည်ပေးထား တဲ့ ဆွေးနွေးခန်းမှာ  ဒေါ်အောင်ဆန်းစုကြည်က ပြော ခဲ့တာပါ။ စာပေပွဲတော် ဦးဆောင်ဆွေးနွေးသူ Mrs. Dame Joan Bakewell က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ချင်ပါသလဲလို့မေးရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ ပါတယ်။

မြန်မာနိုင်ငံသားတွေကို နားလည်စေချင်တာက တိုင်းပြည်ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ဆိုရင် တစ်ပါးသူတစ်ဦးဦးက လာရောက်ကြိုးစားပေးမယ်လို့ မျှော်လင့်မနေဘဲ အပြောင်းအလဲအတွက် နိုင်ငံသား တစ်ဦးချင်းစီရဲ့  ကြိုးပမ်းအားထုတ်မှုကို တိုင်းပြည်အတွက် ပေးအပ်ဖို့လိုအပ်ကြောင်း၊ လူတိုင်းမှာ တိုင်းပြည်အတွက် တာဝန်ကိုယ်စီရှိကြောင်း၊ အများအတွက် စဉ်းစားတတ်တဲ့ တာဝန်သိစိတ်ရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

သီလ၀ါ စီးပွားဇုန် ရွှေ့ပြောင်းဒေသခံတွေ ကင်တားနားတွေ့ဆုံ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ သူရဲ့ တတိယနေ့ ခရီးစဉ်မှာ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ သီလ၀ါ အထူးစီးပွားရေး ဇုန်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ ရွာသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မက ရန်ကုန်ရုံးရဲ့ ပြောခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။
လူ့အခွင့်အရေး အခြေအနေတွေ အကဲခတ်လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ရန်ကုန်တိုင်း၊ သန်လျင် မြို့နယ်ထဲက သီလ၀ါ အထူးစီးပွားရေးဇုန်ကို သွားရောက်လေ့လာခဲ့တာပါ။

၂၀၁၄ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု


တောထဲက အဆိပ်ပြင်းတဲ့အကောင်တွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာ အမေရိကန်မရိန်းတပ်သားတွေဟာ ထိုင်းစစ်သားတွေဆီကနေ သင်ယူခဲ့သလို ကင်းမြီးကောက်တွေကိုလည်း စားကြည့်ခဲ့ကြပါတယ်။ ကြာသပတေးနေ့က ထိုင်းနိုင်ငံ၊ ချန်တာဘူရီ ပြည်နယ်မှာ လက်တွေ့ သင်တန်း လေ့ကျင့်ခန်းတစ်ခုအတွင်း အဲဒီလို သင်ယူခဲ့ကြတာပါ။

လေ့ကျင့်ခန်းမှာ မရိန်းတပ်ဖွဲ့ဝင် ၅၀ လောက် ပါဝင်နေကြပြီး သူတို့ရဲ့ဆရာတွေဖြစ်တဲ့ ထိုင်းစစ်သား ၁၀ ဦးပါ အစုအဖွဲ့တစ်ခုဆီကနေ တောထဲမှာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ အခြေခံကျွမ်းကျင်မှုတွေကို သင်ယူခဲ့ကြတာပါ။ အဲဒီထဲမှာ မီးရအောင် လုပ်တဲ့ နည်းလမ်း၊ စားလို့ရတဲ့အသီးတွေကို သိအောင်လုပ်တဲ့ နည်းလမ်းနဲ့ တခြား အစားအစာတွေကို ရှာဖွေနည်းတွေ ပါဝင်ပါတယ်။