06 April 2014

အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ မပြီးပြတ်သေး

                                                                                           အပစ်ရပ် ဆွေးနွေးပွဲ

 တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာဖို့၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ဖွဲ့ စုစည်းထားတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (NCCT) တို့ ရဲ့ ရန်ကုန်မြို့ ဆွေးနွေးပွဲကို ဒီကနေ့ ဧပြီ ၆ ရက်နေ့မှာ၊ ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ပြုလုပ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းရဲ့ အခန်း (၇)ခန်းထဲက အခန်း (၁)မှာ ပါရှိတဲ့အခြေခံ မူနဲ့ ပတ်သက်ပြီး၊ အချက်တွေကို ဆွေးနွေးတာ ဖြစ်ပါတယ်။ ဘာတွေ အဓိကဆွေးနွေး ဖြစ်သလဲ ဆိုတာကိုတော့ (၂)ဘက်စလုံးက တိတိကျကျ ထုတ်ပြန်တာ မရှိပါဘူး။

ဒါပေမယ့် အပစ်ရပ်ရေး မူကြမ်း ထွက်လာဖို့ မှာ အဓိက အကျဆုံး အခြေခံမူ အချက်အလက်တွေ ကို ညှိနှိုင်း ဆောင်ရွက်မှုတွေ မပြီးပြတ်သေးလို့ NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ပဒို စောကွယ်ထူးဝင်း ပြောပါတယ်။


နှစ်ပါင်း ၆၀ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့၊ ဖယ်ဒရယ် ပြည်ထောင်စု အရေးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကိစ္စတွေလို အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြရတာ ဖြစ်တဲ့အတွက်၊ အချိန်ယူပြီး သူ့အမြင် ကိုယ့်အမြင်တွေကို ဖလှယ်ဖို့ လိုတယ်လို့ NCCT ရဲ့ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းက မှတ်ချက် ပေးခဲ့ပါတယ်။

ဒီလို အချိန်ယူ ရမှာ ဖြစ်လို့၊ အခု ဆွေးနွေးပွဲကနေ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး မူကြမ်းဟာ အပြီးသတ် ထွက်လာနိုင်ဖို့ မျှော်လင့် မထားဘူး ဆိုပြီးတော့လည်း ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောခဲ့ပါတယ်။

ဒီမူကြမ်းဆွေးနွေးပွဲဟာ (၂)ရက်ကြာမယ်လို့ အစက ထုတ်ပြန်ထားပေမယ့်၊ ဒီကနေ့အထိ ဆွေးနွေးချက်တွေဟာ မပြီးပြတ်သေးတာကြောင့် နောက်ထပ် ရက်တိုးမြှင့်ပြီး ဆွေးနွေးဖွယ် ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment