ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် မတ်လ ၂၉ ရက်နေ့က တောမီးမှတစ်ဆင့်
လူနေအိမ် ၂၀ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ
သိရသည်။
ယင်းနေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် ပလက်ဝမြို့နယ် ဒလက်မေ အုပ်စုရှိ
ကက္ကူးဝအောက်ရွာနှင့် ပါကာ တောင်ရွာတို့တွင် သဘာဝအလျောက် လောင်ကျွမ်းသော
တောမီးမှတစ်ဆင့် နေအိမ်များသို့ ကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း၊
ကက္ကူးဝအောက်ရွာမှ နေအိမ်ကိုးလုံးနှင့် ပါကာတောင်ရွာမှ နေအိမ် ၁၁ လုံး
မီးထဲပါခဲ့ပြီး လူဦးရေ ၉၁ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ယင်းမြို့နယ်
အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
“လောလောဆယ်တော့ သူတို့ အမျိုးတွေ အိမ်မှာပဲနေကြတယ်။ တစ်အိမ်ထောင်ကို
ဆန်တစ်အိတ်နဲ့ ဆီ၊ အဝတ်အစား စတာတွေ လှူဒါန်းထားပါတယ်” ဟု ယင်းမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်က
ဆိုသည်။
မီးလောင်မှုကြောင့် လူနေအိမ် ၂၀၊ အိမ်ထောင်စု ၂၀ နှင့် လူဦးရေ ၉၁ ဦး
ဒုက္ခရောက်ကာ ဆုံးရှုံးမှုတန်ဖိုးမှာ ၆၄၀,၀၀၀ ကျပ် ဖြစ်ကြောင်း၊ သဘာဝ
မီးကြောင့် လောင်ကျွမ်းခြင်း ဖြစ်သဖြင့် အမှုဖွင့်ဆိုခြင်း မရှိကြောင်း
ပလက်ဝမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
တောင်ယာမီးရှို့ရာမှတစ်ဆင့် ကူးစက်ကာ တောမီး လောင်ကျွမ်းမှုများ နေရာတိုင်း
လိုလိုတွင် တွေ့ရကြောင်း၊ ပလက်ဝဒေသရှိ တောတောင်၊ သစ်ပင်များသည်
မီးလောင်ဒဏ်ဖြင့် ခြောက်သွေ့နေကြောင်း၊ ယခုကဲ့သို့ ပူပြင်း ခြောက်သွေ့သော
ကာလတွင် မီးသတိရှိကြရန် လိုကြောင်း ပလက်ဝမြို့ ခူမီး လူငယ်အသင်း ဥက္ကဋ္ဌ
ဦးစတီဗင်က ပြောကြားသည်။
ချင်းပြည်နယ်အတွင်း တောင်ယာ မီးရှို့မှု များကြောင့် တောမီးလောင်မှုများ၊
လူနေအိမ် မီးလောင်ကျွမ်းမှုများမှာ နှစ်စဉ် ဖြစ်ပွားနေပြီး
အဖိုးတန်သစ်ပင်၊သစ်ခွမျိုးစိတ်များ၊ တိရစ္ဆာန်မျိုးစိတ်များ ပျက်စီးမှု
ဖြစ်ရကြောင်း ချင်းပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအရေး
စိတ်ဝင်စားသူများက ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment