မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာအမှတ် (၄) ရပ်ကွက် ဘုရားကြီးလမ်းတွင်
ဧပြီလ ၃ ရက် ည ၇ နာရီခန့်က ယောက်ဖဖြစ်သူ ဓားထိုး အသတ်ခံရသည်ဟု
ကြားသိရသောကြောင့် အသတ်ခံရသော နေအိမ်သို့ သွားရောက် ကြည့်ရှုခဲ့သော အသက် ၂၈
နှစ်အရွယ် အမျိုးသားကို နယ်မြေခံ ရဲတပ်ရင်းမှ စခန်းမှူး အပါအဝင်
ရဲတပ်ဖွဲ့ဝင် လေးဦးက နံပါတ်တုတ်များဖြင့် ဝိုင်းရိုက်နှက်ခဲ့သည်ဟု
ယင်းကျေးရွာ နေသူများထံမှ သိရှိရသည်။
ရိုက်နှက်ခံရသည်ဟု ဆိုသူ ကိုထွန်းဝင်းအောင်သည် အဆိုပါ ကျေးရွာအပိုင်း (၂)
တွင် နေထိုင်သည့် ၎င်း၏ ယောက်ဖ တော်စပ်သူ အသက် ၃၅ နှစ်အရွယ် ကိုထိန်လင်းသည်
ယင်းနေ့က ဘုရားကြီးလမ်းရှိ အသက် ၄၃ နှစ်အရွယ် ဦးခင်မောင်ညွန့် (ခ)
ဦးမောင်ညွန့်၏ နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့စဉ် စကားများ ရန်ဖြစ်ရာမှ
ရင်အုံနှင့် ဝမ်းဗိုက် အတွင်းသို့ ဓားမြှောင်ဖြင့် ငါးချက်ဆင့်
ထိုးခံရသဖြင့် သေဆုံးခဲ့သည်ကို သွားရောက် ကြည့်ရှုခြင်း ဖြစ်သည်ဟု
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
“သမက်ဖြစ်သူ ဓားထိုး အသတ်ခံရတယ်ကြားလို့ သားကို သွားကြည့်ခိုင်းတာ
ဟိုရောက်တော့ သူ့ယောက်ဖက အိမ်ပေါ်မှာ ပက်လက်ကြီး သွေးအိုင်ထဲ သေနေတာတွေ့လို့
ရဲကို အကြောင်း ကြားထားတာ။ ဘာလို့ မလာသေးတာ လဲလို့ အနားက လူတွေကို
မေးနေတုန်း အရပ်ဝတ်နဲ့ ရဲစခန်းက စခန်းမှူးနဲ့ ရဲတပ်သားသုံးဦး ရောက်လာပြီး
မင်းက ဘာစကားပြောတာလဲ မေးပြီး မျက်နှာကို ဓာတ်မီးနဲ့ထိုး နံပါတ်တုတ်တွေနဲ့
ဝိုင်းရိုက်တာ။ ရပ်ကွက်က ဝင်ဆွဲခဲ့လို့ ကံကောင်းလို့ မသေတာ” ဟု ဓားထိုး
အသတ်ခံရသူ၏ ယောက္ခမ ဦးခင်လှိုင်က ရှင်းပြသည်။
ဓားထိုးအသတ်ခံရသူ ယာဉ်မောင်း ကိုထိန်လင်းကို ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု
တိုင်ကြားခံရသူမှာ ယာဉ်နောက်လိုက် ကိုခင်မောင်ညွန့် (ခ) မောင်ညွန့်
ဖြစ်ပြီး လွန်ခဲ့သော သုံးရက်ခန့်က အလုပ်ပေါ့ လျော့မှုဖြင့် ကိုထိန်လင်းက
နှစ်ရက်တာ ယာဉ်နောက်လိုက် လုပ်ခွင့်မပြုသည်ကို မကျေနပ်၍ ၎င်း၏ နေအိမ်သို့
ကိုထိန်လင်းကို ထမင်းဖိတ်ကျွေးပြီး ဓားမြှောင်ဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်ဟု
ယင်းကျေးရွာ နေသူများထံမှ စုံစမ်းသိရှိရသည်။
“အသတ်ခံရလို့ ရဲတွေ မရောက်သေးဘူးလား မေးတာကို စိတ်ဆိုးပြီး ရဲတပ်ဖွဲ့က
ဝိုင်းရိုက်တာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ရော ရွာသူရွာသားတွေပါ
မျက်မြင်သက်သေ ရှိတယ်။ ဘာအပြစ်မှ မရှိတဲ့ ပြည်သူကို ပြည်သူ့ရဲက အသားလွတ်
အနိုင်ကျင့်ရိုက်နှက်တာ” ဟု အရိုက်ခံရသူ၏ဖခင် ဦးခင်လှိုင်က
ဆက်လက်ပြောကြားသည်။
အဆိုပါ နယ်မြေခံ ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့များ နံပါတ်တုတ်ဖြင့် ရိုက်နှက်
ခံခဲ့ရသောကြောင့် အသက် ၂၈ နှစ်အရွယ် ကိုထွန်းဝင်းအောင်၏ ဦးခေါင်း၊
ကျောကုန်းနှင့် ရင်ဘတ်တို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး
မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင်ထားရကြောင်း ၎င်းမိသားစုထံမှ သိရှိရသည်။
“ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့လို့ ဒဏ်ရာ ရရှိခဲ့ကြောင်း စခန်းမှာ
လာတိုင်ကြားခဲ့ပြီး တောင်းပန်ပေးရင် ကျေအေးပေးမယ်လို့ သူတို့ဘက်က
ပြောခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင် ဖြစ်ပြီး တာဝန် ထမ်းဆောင်နေချိန်မှာ ဥပဒေ
ဖောက်ဖျက် ကျူးလွန်ခဲ့တာ မှန်ကန်တယ်လို့ စုံစမ်းသိခဲ့ရင် ရဲဥပဒေအရ အရေးယူ
ဆောင်ရွက်သွားမှာပါ။ မျက်မြင် သက်သေဖြစ်တဲ့ ဒေသခံတွေနဲ့ အတိုင်ခံရတဲ့
ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ယူ စစ်ဆေးနေတယ်” ဟု မှော်ဘီမြို့မရဲစခန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ နေအိမ်သို့ ထမင်းစား ဖိတ်ခေါ်ပြီး ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု
တိုင်ကြားခံရသော ကိုခင်မောင်ညွန့် (ခ) မောင်ညွန့်ကို
မှော်ဘီမြို့မရဲစခန်းမှ (ပ)၁၈၅/၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်
ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment