01 April 2014

အသံကိုမြင်ရတဲ့ လက်သင်္ကေတ

စကားပြောဆိုရာ ကိုယ်အင်္ဂါအစိတ်အပိုင်းချို့တဲ့နေကြသူများနှင့် အကြားအာရုံချို့တဲ့သူများအား လူမှုဆက်ဆံရေး နယ်ပယ်မှ ပြုမူပြောဆိုကြပုံများကို အသံသင်္ကေတ (Sign Language)  ဖြင့် သရုပ်ပြသင်ကြား၍ အသိပညာပေးပြီး လူမှုဘဝမြှင့်တင်အားပေးကြရပါသည်။ ထိုသို့ပြုမူဆောင်ရွက်ကြသူများထဲတွင် အများစုပါဝင်သူများမှာ အနုပညာ ရှင်များဖြစ်နေခြင်းကြောင့် (Sign Language) နှင့် လူမှုဘဝမြှင့်တင်အားပေးမှုက ရရှိခံစားနိုင်သည့် အကျိုးကျေးဇူးများအား မေးမြန်း ဖြစ်ခဲ့ပါသည်။

ဝတ်မှုံရွှေရည်
” အသံမကြားရပေမယ့် မျက်လုံးမြင်နေရတာပဲလေ။ လူတိုင်းနီးတူသွားလာလှုပ်ရှားနိုင်တယ်။ အသံမကြားပေမယ့် Sign Language တွေနဲ့ ပြောတဲ့အခါ သိနိုင်တယ်။ သူများတွေလိုပဲ ပြောပြရင်သိနိုင်တယ်။ ဆက်သွယ်နိုင်တယ်။ ဒါကြောင့်စိတ်ဓာတ်ကျ စရာမလိုဘူး။ မွေးကတည်းက အသံမကြားရတာကြောင့် အသံဆိုတာ ကိုမသိဘဲ မပြောနိုင်တာလေ။
တကယ်ဆို သူတို့က စကားပြောနိုင်မှာလေ။ အားငယ်စရာလည်းမလိုဘူး။ နိုင်ငံတကာမှာလည်း ဒီလို Sign Language တွေနဲ့ပြောကြတာတွေ၊ တကယ်ကိုထူးချွန်ထက်မြက်ပြီး ထွန်းပေါက်တဲ့သူတွေလည်း ရှိတယ်။ ဒါကြောင့် ကိုယ့်ရဲ့တတ်နိုင်တဲ့အားနဲ့ အ ကောင်းဆုံး ခွန်အားတွေ ဖန်တီး ပြီး ဘဝခရီးကို ရဲရဲ ဝံ့ဝံ့ လျှောက်လှမ်းနိုင်ကြပါစေ”

ချစ်သုဝေ
” ပြည်သူတွေထဲမှာ နားမကြားနိုင်တဲ့သူတွေပါတယ်။ စကားမပြောနိုင်တဲ့သူတွေပါတယ်။ သူတို့ကလည်း ပြည်သူတွေထဲက ပြည်သူပဲ။ လူတွေထဲက တန် ဖိုးများနဲ့ လူများ ဖြစ်ကြတယ်။ သူတို့အတွက် Sign Language နဲ့ ပြောဆိုတာကို သတင်းမီဒီယာမှာပဲဖြစ်ဖြစ်၊ ထောင့်ကွက် မှာပဲဖြစ်ဖြစ်ထည့်ပေးမယ်ဆိုရင် အများကြီး အဆင်ပြေ တယ်။ ထရီဇာတို့ ရိုက်ကူးရေးလုပ်နေကြတဲ့၊ ပြည်သူကိုတစ်နည်းတစ်ဖုံနဲ့ ဖျော်ဖြေရေးအနေနဲ့ ပညာပေးနေကြတဲ့သူတွေကလည်း Sign Languageကိုအသုံးပြုပြီး အားပြုနေရတဲ့ ဆွံ့အကြတဲ့၊ နားမကြားကြတဲ့ ကလေးတွေ၊ ညီအစ်ကို၊ မောင်နှမတွေ အားငယ်စိတ်ဖြစ်မသွားအောင် သူတို့ကိုလှောင် ပြောင်တာမျိုးဖြစ်စေတဲ့  Plot မျိုးတွေ၊ ဇာတ်ရုပ်တွေမဖြစ်အောင် ဖျော်ဖြေရေးကို ဖန်တီးနေကြတဲ့သူတွေမှာ တာဝန်ရှိတယ်။

ဒီအပတ် ဒီကဏ္ဍလေးမှာထရီဇာက Sign Language  လေးနဲ့ ပါဝင်ရတာကိုလည်း တအားဝမ်းသာတယ်။ ဒီလို awareness  လေး စတင်လှုပ်ရှားမှုကအစပြုပြီးတော့ တီဗီ အစီအစဉ် တွေရိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ သတင်းကြေညာတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ ဒီ Sign Language တွေနဲ့ ပြနိုင်တဲ့အခြေ အနေမျိုးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။ မသန်စွမ်းဖျော် ဖြေပွဲမှာတုန်းက Sign Language ကို Training ပေးတဲ့ ဆရာမဆီကသင်ပြီးတော့ သူတို့အတွက် ကျေးဇူးတင်စကားပြောတော့ ပရိ သတ်တွေ ထဲမှာ နားမကြားကြတဲ့ကလေးတွေ၊ စကား မပြောနိုင်တဲ့ ကလေးတွေ လည်းပါတယ်။ သူတို့တွေက ထရီဇာတို့ဆိုတာတွေကို တအားချစ်ပြီး အားပေးနေကြ တယ်။ သူတို့ကိုလည်း ထရီဇာတို့ရင်ထဲက ကျေးဇူးတင် စကားကို သိစေချင်တယ်။ အဲဒီအတွက်ကျေးဇူးတင်တဲ့စကားရယ်၊ သူတို့ရဲ့ စိတ်အားထက် သန်မှုတွေ၊ ခွန် အားတွေ၊ သူတို့တွေ ကြိုးပမ်းမှု ကြောင့်ဒီအနုပညာပွဲတော်ကြီး အောင်မြင်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုတဲ့ အကြောင်းရယ်၊ ထရီဇာဆိုမယ့် သီချင်းခေါင်းစဉ်ရယ်ကို Training နဲ့ မှတ်မှတ်ရရသင်ပြီးတော့ ပြောပြဖူးတယ်”

အောင်ရဲလင်း
” ဆွံ့အနားမကြားသူတွေက မွေးကတည်းက မွေးရာပါဖြစ်နေသူတွေကို ကျွန်တော်တို့က ပြန်ပြီးကောင်းနိုင်မယ်၊ မကောင်းနိုင်ဘူးဆိုတာထက် သူတို့ကို အားပေးရမယ်။ စိတ်ဓာတ်မကျဘဲနဲ့ ဘဝကိုလျှောက်လှမ်းသွားနိုင်ဖို့ အားပေးချင်ပါတယ်”

ဓာတ်ပုံ-အောင်ဇော်မင်း၊ အိသွဲ့(တန့်ယန်း)၊ မင်းမင်းထွန်း/popularmyanmar

No comments:

Post a Comment