သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သော
ဘုရားဖူး ဧည့်သည်များ၏ လုံခြုံရေးအတွက် စေတီတော်အနှံ့ CCTV ကင်မရာ ၂၄
လုံးတပ်ဆင်၍ ၂၄နာရီ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း စေတီတော်
ဂေါပကအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“စေတီတော်ခြေရင်း ခြင်္သေ့နှစ်ကောင်နားကစပြီး စေတီအနှံ့ပတ်လည်မှာ
လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတယ်။ ဟိုတစ်လောကပဲ ဗီယက်နမ်
ကဘုရားဖူးလာတဲ့ဧည့်သည်ကို ခါးပိုက်နှိုက်မှုကို အဲဒီကင်မရာတွေကနေ တစ်ဆင့်
ချက်ခြင်းအရေး ယူနိုင်ခဲ့တယ်။ ဒီမှာ ဘုရားဖူးရာသီကျရင် အဖြစ်များတဲ့
မှုခင်းတွေက ခါးပိုက်နှိုက်မှုတွေများတယ် တခြားထွေထွေထူးထူးတော့ မရှိဘူး” ဟု
၎င်းကပြောသည်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တွင် လက်ရှိအချိန်၌ ဘုရားဖူးဧည့်သည်များ၏
လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ၁၀၀ ဖြင့် ရဲကင်းများ ထားရှိပြီး
ကမ္ဘာလှည့်ခရီးသွားများ၏ လုံခြုံရေးအတွက် ကမ္ဘာလှည့် ခရီးသွားများအား
လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များဖြင့် ကူညီစောင့်ရှောက်မှုများ
ပေးလျက်ရှိနေကြောင်း ၎င်းက ထပ်မံပြောသည်။
ထို့ပြင် စေတီတော်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရန် အတွက်လည်း
စေတီတော်အနှံ့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့မှ
ခန့်အပ်ထားသည့် မီးသတ်တပ်ဖွဲ့များက မီးဘေးလုံခြုံရေး
လုပ်ငန်းဆောင်တာများကို နေ့စဉ်ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။
ကျိုက်ထီးရိုးစေတီတော်သို့ ယခုနှစ်တွင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်
ယခင်နှစ်များထက်ပိုမိုများပြား လာနိုင်ကြောင်း ဂေါပကအဖွဲ့မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
MOI Webportal Myanmar
No comments:
Post a Comment