18 March 2014

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့

                                                       ဟားခါးမြို့တွင် မီးစွဲလောင်နေသောအိမ်ကို မီးငြှိမ်းသတ်ပြီးနောက်တွေ့ရစဉ် fb.com/MOiWebportalMyanmar
အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွင်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မတ်လ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် မီးလောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
           
‘‘အိမ်ကို မီးရှို့တာက အိမ်ပိုင်ရှင်ရဲ့သမီးပါ။ သူက အရက်စွဲနေတာ။ သူ့အမေကို အရက်ဖိုးတောင်းတာမရလို့ အိမ်ကိုမီးရှို့ခဲ့တာပါ’’ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မီးလောင်မှုအကြောင်းရင်းကို အတည်ပြု ပြောကြားသည်။


         
အဆိုပါနေအိမ်တွင် မိသားစုခြောက်ဦးနေထိုင်ပြီး အိမ်ထောင်ဦးစီးအမျိုးသားကြီးမှာ လေဖြတ်နေသူတစ်ဦးဖြစ်သောကြောင့် အနီးပတ်ဝန်းကျင်မှ လူများက ကယ်တင်ခဲ့ရကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
           
ယင်းမီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ကို မီးရှို့ခဲ့သည့် အသက်(၂၅)နှစ်အရွယ် အမျိုးသမီးကို ဟားခါးမြို့နယ်ရဲစခန်းမှ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

Author: ဇွဲဉာဏ်
7day Daily

No comments:

Post a Comment