စိတ်မထိန်းနိုင်ဘဲ
ဒေါသကို အလွယ်တကူ ဖောက်ခွဲပစ်လေ့ရှိသူများသည် မိမိကိုယ်ကိုယ်
တစ်နည်းတစ်ဖုံ သတ်သေနေခြင်းသာဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ဒေါသကြီးလွန်းသည့်အခါ အဆင်အခြင် ကင်းမဲ့ပြီး အမှားများစွာ ဖြစ်တတ်သည့်အပြင်
ဆေးပညာ ရှုထောင့်အရလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်
ညွှန်ကိန်းတစ်ရပ်ဟု ပညာရှင်များက ဆိုသည်။ ဥရောပ ယူနီယံမှ ဆေးသုတေသန
ပညာရှင်များသည် ဒေါသတရားက နှလုံးကို ထိခိုက်စေနိုင်ကြောင်း ယခင်
ယူဆချက်များကို ပိုမိုခိုင်မာအောင် လေ့လာဆန်းစစ်ခဲ့ကြသည်။ နှလုံးနှင့်
ဆက်နွယ်သည့် ရောဂါတစ်ခုခု ရှိနေသူ တစ်ဦး ဒေါသပေါက်ကွဲခြင်းသည် နှလုံးကို
အဆုံးစွန်ထိ ထိခိုက်သွားစေမည့် လှုံ့ဆော်မှု တစ်ရပ်အဖြစ် သုတေသီများက
ထောက်ခံခဲ့သည်။
ဥရောပတိုက်တွင်
ယင်းစစ်တမ်းအတွက် ကျန်းမာရေးဌာန (၉)ခုက အသီးသီး လေ့လာသုတေသန ပြုခဲ့ပြီးမှ
ပြန်လည်ညှိနှိုင်း ဆန်းစစ် အဖြေရှာခဲ့ကြသည်။ သုတေသီများက အကြီးအကျယ်
ဒေါသထွက်ပြီး (၂)နာရီ အတောအတွင်း လူတစ်ဦးသည် သာမန်ထက်
နှလုံးထိခိုက်ဖောက်ပြန်မှု ဖြစ်နိုင်ခြေ (၅)ဆနှင့် ရုတ်တရက်
လေဖြတ်သွားနိုင်ခြေ (၃)ဆထိ မြင့်တက်နေတတ်ကြောင်း တွေ့ရှိခဲ့သည်။
ဒေါသထွက်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ဖိစီးမှုများသည်
နှလုံးနှင့် သွေးကြောများကို ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း
ရှေးယခင်ကတည်းက အသိအမှတ်ပြုထားပြီး ဖြစ်သည်။ ဒေါသကြီးတတ်သူများ အနေဖြင့်
ယောဂကျင့်စဉ်ကဲ့သို့ စိတ်ကို အနားပေး လေ့ကျင့်မှုများဖြင့်
ထိန်းသိမ်းသင့်ကြောင်း ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းမှ ဒိုရင်းမက်ဒေါ့က
ဒေါသစိတ်သည် အရက်နှင့် ဆေးလိပ်တို့ကဲ့သို့ပင် ဆိုးကျိုး
သက်ရောက်စေနိုင်ကြောင်း သတိပေးခဲ့သည်။
“ဒေါသကြောင့်
နှလုံးကို ဆိုးကျိုးသက်ရောက်စေနိုင်တယ်။ ဒါပေမဲ့ အကြောင်းရင်းကို ခုချိနိ
ဘယ်သူမှ ရှင်းရှင်းလင်းလင်း ပြောမပြနိုင်သေးဘူး။ လူ့ခန္ဓာကိုယ်
ဇီဝသဘောတရားအရ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ရပ် ရုတ်တရက် ဖြစ်ပေါ်တဲ့အခါ
သက်ရောက်မှု ပြင်းပြင်းထန်ထန် ထွက်ပေါ်လာနိုင်တာကို ယေဘုယျ လက်ခံထားပါတယ်။
ဒါပေမဲ့ ဒေါသကြောင့် နှလုံးကို ရုတ်တရက် ထိခိုက်သွားနိုင်တဲ့ ဖြစ်စဉ်မှာ
ပိုပြီး အနုစိတ် တိကျတဲ့ သုတေသန လုပ်ငန်းစဉ်တွေ လိုအပ်နေဦးမှာပါ”ဟု
မက်ဒေါ့က မှတ်ချက်ပြုခဲ့သည်။
သူမက
“ဒေါသကို ထိန်းချုပ်ဖို့၊ စိတ်ဖိစီးမှုကို လျှော့ချဖို့ဆိုတာ
လူတစ်ယောက်အတွက် ကျန်းမာရေးအရ အရေးကြီးလွန်းတဲ့ နည်းလမ်းတွေပါ။ အထူးသဖြင့်
ဖိအားများလွန်းတဲ့ အခြေအနေတွေမှာ စိတ်ကို အနားပေး ဖြေလျှော့တာမျိုးတွေကို
ကြိုတင်လေ့ကျင့် သင်ယူထားသင့်ပါတယ်။ မကြာခဏ စိတ်ဖိစီး ထိခိုက်မှုတွေ
ဖြစ်လာရင်၊ ဒေါသပေါက်ကွဲမှုတွေ ကြုံနေရင် ရေရှည်မှာ လူတစ်ယောက်ရဲ့
ကျန်းမာရေးအတွက် ဘယ်လိုမှ ကောင်းကျိုးဖြစ်လာစရာ မရှိဘူး”ဟုလည်း
ပြောကြားသွားသည်။
Planet
No comments:
Post a Comment