10 March 2014

အကြော်ဘူးထဲ မူးယစ်ဆေးဝါး ထည့်သွင်း၍ ထောင်ဝင်စာ လာတွေ့သူကို အရေးယူ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်လေးကျေးရွာ၊ ကလေး-တမူး ကားလမ်းမကြီးအနီးရှိ အကျဉ်း ဦးစီးဌာန မော်လိုက်လေး အကျဉ်းထောင်တွင် မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီက အကြော်ဘူးထဲ၌ မူးယစ် ဆေးဝါးများထည့်သွင်း၍ ထောင်ဝင်စာလာတွေ့သည့် အမျိုးသမီးတစ်ဦးကို အမှုဖွင့်အရေးယူခဲ့သည်ဟု ကလေးမြို့မ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ အကျဉ်းထောင် ကြီးကြပ်ရေးမှူး ဦးကျော်နိုင်ဆိုသူက ထောင်ဝင်စာ ပစ္စည်းများ စစ်ဆေးရာတွင် ထောင်ဝင်စာနှင့်အတူ မူးယစ်ဆေးဝါးများ စိစစ်တွေ့ရှိရသဖြင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကလေးမြို့မရဲစခန်း၌ တာဝန်ကျရဲအရာရှိ ရဲအုပ်ဝင်းထွဋ်ရှိန်နှင့် အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ ရာ အကြော်ဘူးအတွင်း၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်လျက် အလေးချိန် ၄ ဒသမ ၀၈ ဂရမ်ရှိ ဘိန်းမဲဟု ယူဆရသည့်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အကြော်ဘူးထဲ၌ မူးယစ်ဆေးဝါးများ ထည့်သွင်း၍ ထောင်ဝင်စာလာတွေ့သူမှာ ကလေးမြို့နယ်၊ အနောက် ခုံသာကျေး ရွာနေ မဟန်မေ (ခ) မထားမေ အသက် (၃၂)နှစ်ဆိုသူဖြစ်သည်ဟု ထောင်ဝင်စာ ဧည့်မှတ် တမ်းများတွင် တွေ့ရသည်။
ထောင်စာလာရောက် တွေ့ဆုံသူမှ အကျဉ်းထောင်ဧည့်မှတ်ပုံတင် စာရင်းများအရ ထိုထောင်၌ အပြစ် ကျခံနေသူ ကိုသန်းနိုင်(ခ) ကိုစောထွန်းနိုင်ဆိုသူကို တွေ့ဆုံရန် လာရောက်ခြင်းဖြစ်သည်ဟု အကျဉ်း ထောင်ကြီးကြပ်ရေးမှူး ဦးကျော်နိုင်က ဆိုသည်။
ထို့ကြောင့် ရဲအုပ် ၀င်းထွဋ်ရှိန်က ကလေးမြို့မရဲစခန်းတွင် မူးယစ်(ပ) ၁၅/ ၂၀၁၄ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

ကိုတိုးကြီး  /mizzimaburmese

No comments:

Post a Comment