ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ
ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက်
(၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာ
ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှု
ခံယူနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာ အဖွဲ့က မတ်လ ၂၉ ရက်နေ့တွင် ပုသိမ်မြို့
ကိုးသိန်း အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ပုသိမ်မြို့တွင်
ဖြစ်ပျက်ခဲ့ခြင်း မဟုတ်၍လည်းကောင်း၊ ကာယကံရှင် မိဘများကသာ တိုင်ကြား
အမှုဖွင့်ရမည် ဖြစ်၍ လည်းကောင်း အမှုဖွင့်ပေးခဲ့ခြင်း မရှိဟု ၎င်းကဆိုသည်။
“ဒီလို အမှုမျိုးက ရဲလက်စွဲအရ တိုင်ချက်ဖွင့်ပေးရမယ်။ နောက်မှ သက်ဆိုင်ရာ
ရဲစခန်းကို တိုင်ချက် ပို့ပေးရမှာ” ဟု ရဲဝန်ထမ်းဟောင်း တစ်ဦးက
မှတ်ချက်ပြုသည်။
တစ်လလျှင် လစာ နှစ်သောင်းခွဲ ရရှိပြီး အလုပ်စဝင်သည့် နေ့ရက်ကို
မမှတ်မိသော်လည်း သုံးလခန့် ရှိပြီဟု ထင်ကြောင်း၊ အိမ်ရှင်၏ခွေး
လည်ကြိုးပတ်ပြီး သေသည်ကို တွေ့၍ ခေါ်ပြရာ အိမ်ရှင်၏ အမျိုးသားဖြစ်သူက
ညာဘက်မျက်နှာကို လက်သီးဖြင့် နှစ်ချက်၊ ဘယ်ဘက်ကို တစ်ချက် ထိုးခဲ့သည်ဟု
မထက်ထက်က ပြောကြားသည်။
“ပထမနေ့က ဝက်သားဟင်းအိုး တူးလို့ဆိုပြီး အဲဒီဟင်းအိုး အပူထဲကို
လက်နှစ်ဖက်လုံး စိမ်တယ်။ ကတ်ကြေးနဲ့လည်း ထိုးတယ်။ အိမ်ရှင်အမျိုးသမီးက
ခြေထောက်တွေကို ရိုက်ပြီး ပလာယာနဲ့ ညှပ်ပြီး ကြိုယူထားတဲ့ နှစ်လစာ
ပြန်မဆပ်တော့နဲ့လို့ ပြောပြီး ပြန်ခိုင်းတယ်။ ပုသိမ် မပြန်ခင်
အခန်းတစ်ခုထဲမှာ ပိတ်ထားပြီး ရေတစ်ပုလင်းနဲ့ ထမင်းသက်သက်ပဲ ကျွေးတယ်” ဟု
မထက်ထက်က ပြောဆိုသည်။
“ကျွန်တော့်သမီးက ဒီကလေးကို လာခေါ်ဖို့ ပြောပြောချင်း ရုံးအလုပ်တွေနဲ့
ချက်ချင်း မသွားနိုင်ခဲ့ဘူး။ သမီးအိမ်မှာ ခုလို ဖြစ်သွားတာကိုလည်း
မသိလိုက်ဘူး။ ကိုယ်ချင်းစာမိပါတယ်။ ဒါ့ကြောင့် ကလေးကိုခေါ်ပြီး
ပုသိမ်ဆေးရုံကြီးမှာ ဆေးကုပေးတယ်။ ကလေးကျန်းမာရေး ကောင်းတဲ့အထိ တာဝန်ယူ
ကုပေးပါ့မယ်” ဟု အိမ်ရှင် ဒေါ်သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ တိုင်းဒေသကြီး
ဆိပ်ကမ်းအရာရှိ ဦးကိုကိုနိင်ကို ပုသိမ်မြို့နယ် အမှတ် (၂) ရဲစခန်းက
ခေါ်ယူစစ်မေးစဉ် ထွက်ဆိုခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥပဒေ၏ တရားမျှတမှုကို နစ်နာသူမှ
ခံစားနိုင်ရေးအတွက် ပုသိမ်မြို့ရှိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး
ကွန်ရက်၊ လူမှုကွန်ရက်များ၊ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး
ကွန်ရက်များက လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
ယင်းအမှုကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၄/၃၂၆ ဖြင့် အမှုဖွင့် အရေးယူ
ဆောင်ရွက်ရမည် ဖြစ်ရာ နစ်နာသူ ကာယကံရှင်၏ မိဘများက တိုင်ကြား အမှုဖွင့်ရမည်
ဖြစ်၍ မှတ်တမ်းသာ ယူထားသည်ဟု ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ကျ
ရဲအရာရှိက ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment