23 March 2014

ဘင်္ဂလားဒေ့ရှ် သတင်းဌာန ဖော်ပြချက် မြန်မာအချုပ်အခြာကို ထိပါးခြင်းဟုဆို

ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တော ဒေသများကို လူထုဆန္ဒ ခံယူပွဲများ ကျင်းပပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်အတွင်း ထည့်သွင်းရန် ယင်းနိုင်ငံအခြေစိုက် Dhaka Tribune သတင်းဌာနတွင် ရေးသား ဖော်ပြမှုမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာခြင်း ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် သတင်းဌာန၏ အဆိုပါ ရေးသား ဖော်ပြမှုမှာ မင်းသားခေါင်း ဆောင်းထားသည့် ဘီလူးရုပ် ပေါ်လာခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသားများ အားလုံး သတိကြီးစွာဖြင့် ဖြေရှင်းရမည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ ပေါ့ပေါ့တန်တန် ပြုလုပ်၍ မရတော့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ ရေးသားချက်ကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအတွက် တင်းမာမှုကို ဖြစ်စေကြောင်း၊ သမိုင်း အထောက်အထားမဲ့ ရေးသားမှု ဖြစ်သည့်အပြင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံတွင်လည်း ခွဲထွက်ခွင့် မပေးထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။


“စစ်တွေဟာ ဘယ်တုန်းကမှ ဘင်္ဂလားဒေ့ရှ် လက်အောက် မကျဖူးဘူး။ စစ်တကောင်းမှာတောင် ပန်းဝါတိုက်ပွဲကို မြန်မာတွေ တိုက်ခဲ့ရသေးတာ” ဟု ၎င်းက ထောက်ပြသည်။

Dhaka Tribune ၏ ရေးသား ဖော်ပြမှုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မျိုသိပ်ထားမှုများ ပေါက်ကွဲလာခြင်း ဖြစ်ကြောင်း၊ ၁၉၄၂ ဝန်းကျင်ကလည်း ရခိုင်ပြည်နယ် ဒေသအချို့ကို ပါကစ္စတန် နိုင်ငံအတွင်း ထည့်သွင်းရန် ကြိုးပမ်းခဲ့ဖူးကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ရှင်းပြသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူရန် လိုပြီလား” အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး မတ်လ ၂၀ ရက်နေ့က Dahaka Tribune တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဆောင်းပါးတွင် ပါရှိသော အချက်အလက်များမှာ လုပ်ကြံ ပြောင်းလဲထားမှုများ ပါဝင်ပြီး ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရန် လှုံ့ဆော်မှုများလည်း ပါဝင်နေသဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ကာ အချုပ်အခြာ အာဏာကို ထိပါးရာ ရောက်ကြောင်း၊ စာနယ်ဇင်း ကျင့်ဝတ်နှင့်လည်း မညီသည်ကို တွေ့ရသဖြင့် ဆောင်းပါးရှင် Zeeshan Khan ကို ပြင်းထန်စွာ ရှုတ်ချကြောင်း မြန်မာသတင်းစာဆရာများ အသင်းက မတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။


The Voice Weekly

No comments:

Post a Comment