“ပညာသင်ချိန်၊
အတတ်ပညာရှာမှီးမယ့် အရွယ်လေးတွေမှာ လမ်းပေါ်ရောက်နေရတဲ့ကလေးတွေက
သူတို့ကိုယ်တိုင် နှစ်သက်စွာ ရွေးချယ်ခဲ့တဲ့ ဘ၀တွေလား”အခြေအနေမဲ့
လေလွင့်နေကြတဲ့ကလေးငယ် တွေကို လမ်းပျော်ကလေးများလို့တောင်
တချို့ကသုံးနှုန်းနေကြဆဲပါ။ တွေးကြည့်ပါ။ ဘယ်ကလေးက အမိုးအကာမဲ့၊
နွေးထွေးချစ်ခင်သူမဲ့၊ အနာဂတ်မဲ့နေတဲ့ သူတို့ဘ၀မှာ
နေပျော်ကြမှာလဲ။ဒီလိုလေလွင့်နေတဲ့ ကလေးတွေထဲက မိန်းကလေးငယ်လေးတွေဟာ
အန္တရာယ်ကို လက်ယပ်ခေါ်နေကြမှန်းမသိဘဲ ဖိတ် ခေါ်နေသူတွေပါ။ အဲဒီလို
မမြင်နိုင်တဲ့အန္တရာယ်တွေက အရွယ်ရောက်သူတွေပဲ ကြုံတွေ့နိုင်တယ်ဆိုတာ ၂၁ ရာစု
နောက်ပိုင်းမှာ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပါပြီ။
ဒါကြောင့်
အခြေအနေမဲ့ လေလွင့်နေကြပြီး အုပ်ထိန်းသူမဲ့နေကြတဲ့ လမ်းပေါ်ကလေးတွေ (Street
Children) ထဲက မိန်းကလေးငယ်လေးတွေ အရွယ်ရောက်လာတဲ့အခါမှာ
လူ့ဘောင်အဖွဲ့အစည်းအတွင်း ကို ပတ်ဝန်းကျင်က ထောက်ပံ့မှု မယူရဘဲ
ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဘ၀ရပ်တည်နိုင်ဖို့ ပြုစုပျိုးထောင်လေ့ ကျင့်ပေးမယ့်
ရည်ရွယ်ချက်တွေနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတစ်ခုကို
ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်၊ ရန်ကုန်-ပြည်လမ်းမကြီးဘေးက အမှတ် ၄၅ မှာ
ဖွင့်လှစ်ထားတယ်လို့ သိရတဲ့အတွက် အဲဒီအမျိုးသမီးကလေးများ သင်တန်းကျောင်း
တည်ရှိရာကို မဇ္ဈိမအမျိုးသမီး ကဏ္ဍအဖွဲ့က သွားရောက် ခဲ့ပါတယ်။
သင်တန်းကျောင်းကို
ရောက်ရောက်ချင်းပဲ ကျယ်ဝန်းတဲ့ မြေဧရိယာနဲ့အတူ သန့်ရှင်းစိတ်ငြိမ်နေမှုက
စတင်ဆီးကြိုလို့ နေပါတယ်။ နောက်မှ သိရတာက ကျောင်းဧရိယာက ၃ ဒသမ ၉၈ ဧက
ကျယ်ဝန်း ပါတယ်တဲ့။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက အမျိုးသမီးကလေးများ သင် တန်းကျောင်းဟာ
ထောက်ကြန့်ကလေးပြုစုရေးဌာနကနေ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ကမှ
အသွင်းပြောင်းလဲ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
အသက် ခြောက်နှစ်က ၁၈
နှစ်အတွင်းက အရွယ်မရောက်သေးဘဲ အခြေအနေမဲ့လမ်းပေါ်ရောက်နေကြ တဲ့
အမျိုးသမီးငယ်လေးတွေ၊ မလှပတဲ့နောက်ခံအကြောင်းတရားများစွာ ပြည့်နှက်နေတဲ့
အမျိုးသမီးငယ် လေးတွေနဲ့ မိဘမဲ့ဒါမှမဟုတ် အုပ်ထိန်းသူမဲ့နေကြတဲ့
အမျိုးသမီးငယ်လေးတွေကို အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ
သင်ကြားပေးနေတာဖြစ်တယ်လို့ အဲဒီသင်တန်းကျောင်းရဲ့
ကျောင်းအုပ်ဆရာမကြီးဒေါ်တင် တင်အေးက အစပြုရှင်းပြရင်း သင်တန်းကျောင်းနဲ့
ပတ်သက်တဲ့ အချက်အလက်တွေ၊ လုပ်ငန်းဆောင်တာ တွေနဲ့ သိလိုသမျှတွေကို
ပြောပြခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ အမျိုးသမီးငယ် အယောက် ၁၀၀
ကိုပြုစုပျိုးထောင်နေပြီး လမ်းပေါ်မှာ အခြေ အနေမဲ့နေတဲ့ ကလေးတွေကို
အများဆုံးလက်ခံထားပါတယ်။
လက်ခံထားတဲ့ ကလေးတွေထဲမှာ
အဓမ္မပြုကျင့်ခံရတဲ့ ကလေးတွေပါ ပါဝင်ပြီး အခု ၂၀၁၄ ခုနှစ်မှာဆိုရင်
အဓမ္မပြုကျင့်ခံရတဲ့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပါ
ပြုစုစောင့်ရှောက်ပေးနေရတယ်လို့ ဆိုပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့
ကလေးသူငယ်တွေ သင်တန်းကျောင်းကို အရင်အချိန်ကတည်းက ရောက်ရှိနေကြပေ မယ့် ၂၀၁၃
ခုနှစ်ကစပြီး အရင်ကထက် သုံးဆလောက် ပိုမိုရောက်ရှိလာတယ်လို့ ပြောပါတယ်။
ဆိုလို တာကတော့ ကလေးသူငယ်အဓမ္မပြုကျင့်ခံရမှုတွေ များလာတယ်လို့ ပြောချင်တာပါ။
သင်တန်းကျောင်းအနေနဲ့ ကျောင်းပြင်ပပညာရေး(အသုံးလုံး) သင်တန်း၊
စက်ချုပ်သင်တန်း၊ သော့တွဲပြုလုပ် တဲ့သင်တန်း၊ စာအိတ်ပြုလုပ်တဲ့သင်တန်း၊
မော်တာနင်းစက်ချုပ်သင်တန်းစတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို အဓိကထား
သင်ကြားပေးနေပြီး ကျောင်းပညာရေးပိုင်းကိုတော့ ရေးတတ်၊ ဖတ်တတ်
ရုံသင်ကြားပေးတယ်လို့ သိရပါတယ်။
အတန်းပညာရေးထက်
အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ဦးစားပေးသင်ကြားရခြင်းကတော့ ကျောင်းကို
ရောက်လာတဲ့ကလေးတွေဟာ ဉဏ်ရည်ဖွံ့ဖြိုးမှုရှိပေမယ့် ပညာရည်ထူးချွန်တဲ့
အဆင့်အထိ မရောက်ရှိနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့
ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာတစ်ခုကို တောင်မှ မြေတောင်မြှောက်ပေးဖို့
အခက်အခဲတွေရှိ နေတယ်လို့ ဆရာမကြီးက ရှင်းပြပါတယ်။
“ကျောင်းပြင်ပ
ပညာရေးမှာ ထူးချွန်တဲ့ကလေးတွေပါလာရင် ကျွန်မတို့ဘက်က
သက်ဆိုင်ရာပညာရေးမှူးနဲ့ ညှိပြီးတော့ အတန်းတက်သွားအောင်
ဆောင်ရွက်ပေးသွားမှာပါ။ လက်ရှိမှာတော့ ကျွန်မလက်ခံထားတဲ့ သမီးတွေက
အဲဒီလောက် အဆင့်ကိုရောက်ဖို့ မလွယ်ကူသေးပါဘူး။ ကျွန်မကျောင်းမှာ
အခုပန်းချီထူးချွန် တဲ့ ကလေးတစ်ယောက်ရှိပေမယ့် အတန်းပညာမရှိတဲ့အတွက်
ပန်းချီ၊ ပန်းပုကျောင်းကို လွှတ်ပေးဖို့ အခက်အခဲရှိနေပါတယ်။ ပညာရေးဘက်မှ
မဟုတ်ဘဲ သူတို့ထူးချွန်တဲ့ ဘာသာရပ်တစ်ခုကို မြေတောင် မြှောက်ပေးဖို့အတွက်
ကျွန်မမှာ အခက်အခဲတွေရှိနေပါတယ်”လို့ ဆိုပါတယ်။
သင်တန်းကျောင်းရောက်ရှိလာတဲ့ကလေးတွေမှာ
အုပ်ထိန်းသူမရှိတဲ့အတွက် တရားဝင်အပ်နှံလို့ရောက် လာတဲ့ ကလေးတွေရှိသလို
လမ်းပေါ်မှာ အခြေအနေမဲ့နေတဲ့ကလေးတွေလည်း ပါဝင်တဲ့အတွက် ကျောင်း ရောက်စမှာ
ကျောင်းစည်းကမ်းအတိုင်း နေထိုင်စားသောက်မှုကို လိုက်လျောညီထွေ
မနေနိုင်တဲ့အတွက် ကျောင်းကထွက်ပြေးတဲ့ကလေးငယ်တွေလည်း ရှိကြတယ်လို့
ဆိုပါတယ်။ ကလေးပျောက်ဆုံးသွားရင် တော့ အမျိုးသမီးကလေးသင်တန်းကျောင်းက
ရဲတပ်ဖွဲ့ကို လူပျောက်တိုင်တန်းရှာဖွေရပြီး အသက် ၁၀ နှစ်နဲ့ ၁၅
နှစ်ကြားအရွယ် အမျိုးသမီးငယ်တွေက အများဆုံးထွက်ပြေးကြတယ်လို့ ရှင်းပြပါတယ်။
အဲဒီလို ထွက်ပြေးတဲ့ကိစ္စတွေကလည်း ကျောင်းသက်တမ်း နှစ်နှစ်ကျော်ကာလမှာ
ငါးကြိမ်လောက်သာဖြစ်ပွားခဲ့ တာဖြစ်ပြီး ပြန်လည်ရှာဖွေတွေ့ရှိပါက အပြစ်ပေး၊
အရေးယူမှုမပြုဘဲ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ပေး တယ်လို့ ဆိုပါတယ်။
ကလေးတွေကို
ပြုစုပျိုးထောင်စောင့်ရှောက်မှုတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်၊
ကျွေးမွေး စောင့်ရှောက်မှု အစီအစဉ်၊ စေတနာရှင်တွေရဲ့ ပံ့ပိုးကူညီမှု အစီအစဉ်၊
အပန်းဖြေအနားယူမှု အစီအစဉ်နဲ့ မိဘထံပြန်လည်အပ်နှံတဲ့အစီအစဉ်တွေ ပါဝင်ပါတယ်။
မိသားစုဆီ ပြန်လည်အပ်နှံပြီးတဲ့
ကလေးကိုတောင်းရမ်းစေခိုင်းမှုပြုလုပ်ခြင်း၊ သင်တန်းကျောင်းသို့ ဒုတိယ အကြိမ်
ပြန်ရောက်ရှိခြင်း ဖြစ်ပေါ်လာရင်တော့ ကလေးသူငယ်ဥပဒေ ၆၆(ဂ) အရ
သင်တန်းကျောင်း ဘက်က မိဘအုပ်ထိန်းသူကို ပြန်လည်တရားစွဲဆိုနိုင်တယ်လို့
ရှင်းပြပါတယ်။
နိုင်ငံတော်က သင်တန်းကျောင်းမှ ကလေးတစ်ဦးကို တစ်နေ့
၄၃၂ ကျပ် ၁၀ ပြားနှုန်းနဲ့ ကျွေးမွေး စောင့်ရှောက်ထားကာ တစ်နှစ်စာ ဘတ်ဂျက်
၄၅၂ သိန်းကျော် ကုန်ကျနေပါတယ်။ အလှူရှင်များက ငွေကြေး၊ အ၀တ်အထည်၊ အစားအစာ၊
ဆေးဝါးနှင့် အမျိုးသမီးအသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်း ပေးကာ
လက်ခံရရှိထားတဲ့ အလှူငွေတွေကို ငွေစုဘဏ်(၂) မှာစုဆောင်းထားရှိပြီး
ငွေပဒေသာပင်ကို လည်း စေတနာရှင်တွေကို စိုက်ထူပေးထားပါသေးတယ်။
ကလေးတွေကို
စောင့်ရှောက်ပေးကြမယ့် ၀န်ထမ်းအင်အားက ဖွဲ့စည်းပုံအရ စုစုပေါင်း ၃၃
ဦးရှိပေမယ့် လက်ရှိမှာ ၂၉ ဦးခန့်အပ်ထားပြီး လုံလောက်မှုရှိပါတယ်လို့
ဆရာမကြီးက ပြောပါတယ်။
ထောက်ကြန့် အမျိုးသမီးကလေးများ
သင်တန်းကျောင်းကို ကလေးအပ်နှံချင်တယ်ဆိုရင်တော့ အမျိုးသမီး ရေးရာအဖွဲ့၊
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက
တစ်ဆင့် ရန်ကုန် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးကို
ဆက်သွယ်အပ်နှံနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ
အခုတင်ပြခဲ့တဲ့ ကလေးသူငယ် အမျိုးသမီးကလေးများ စောင့်ရှောက်မှု သင်တန်း
ကျောင်း တစ်ခုတည်းသာရှိပြီး မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက မိဘမဲ့ကလေး စောင့်ရှောက်ရေးဂေဟာ၊
လူငယ်သင်တန်းကျောင်း၊ မသန်စွမ်းသက်မွေး သင်တန်းကျောင်း၊ အိမ်တွင်းသက်မွေး
သင်တန်းကျောင်းတွေနဲ့ ပြန်လည်ထူထောင်ရေး စခန်းတွေဖွင့်လှစ် ကာ
လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်ပေးနေတယ်လို့
သိရပါတယ်။
ထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်းက
မွေးထုတ်ပေးလိုက်တဲ့ အမျိုးသမီးလေးအယောက် ၂၀ ဟာဆိုရင် လည်း
အခုမင်္ဂလာဒုံစက်မှုဇုန်က Princess Power အထည်ချုပ်စက်ရုံမှာ အလုပ်ဝင်နေကြ
ပါပြီ။ မြန်မာနိုင်ငံက ဒေသအနှံ့အပြားမှာလည်း ဒီလိုအခြေအနေမဲ့ ကလေးတွေအတွက်
အသက်မွေး ၀မ်းကျောင်း သင်တန်းကျောင်းတွေ များများပေါ်ထွက်လာမယ်ဆိုရင်တော့
အခုဘ၀ရပ်တည်နိုင်မှု ရရှိသွား ကြတဲ့ ကလေးအယောက် ၂၀ ကနေ
အဆပေါင်းများစွာသောဘ၀တွေဟာ ခိုင်မာတဲ့ဘ၀ရပ်တည်မှုတွေ ပိုင်ဆိုင်နိုင်ကြ
မှာဖြစ်ပါတယ်။
ကလေးတွေဆိုတာ အနာဂတ်အတွက် မျှော်လင့်ချက်၊
ခေါင်းဆောင်လောင်းတွေပါ။တိုင်းပြည်တစ်ခုရဲ့ အနာဂတ်
ဖွံ့ဖြိုးတိုးတက်စည်ပင်စေဖို့ နောင်တစ်ချိန် လူကြီးဖြစ်လာကြမယ့်
ကလေးငယ်ပေါင်းများစွာရဲ့ ဘ၀တွေကို ကာကွယ်စောင့်ရှောက်ကြဖို့
ဘယ်သူ့မှာတာဝန်ရှိတယ်လို့ လွှဲချနေရမယ့်အချိန် မဟုတ်တော့ ပါဘူး။ ဒါကြောင့်
မိမိတို့ကိုယ်တိုင်တစ်ဦးချင်းစီကလည်း ဒါဟာလူတိုင်းရဲ့တာဝန်တစ်ရပ်လို့
သဘောပိုက် ပြီး အားလုံးပူးပေါင်းပါဝင်ကြဖို့ ဆန္ဒပြု
ရေးသားတင်ပြလိုက်ပါတယ်။
By Mizzima
No comments:
Post a Comment