ကင်ညာ ပါလီမန်လွှတ်တော်
လက်ရှိမယားကြီးအား တိုင်ပင်ရန်မလိုဘဲ အမျိုးသားများ မယားယူချင် သလောက်
ယူခွင့်ရှိသည့် ဥပဒေတစ်ရပ်ကို ကင်ညာ ပါလီမန်လွှတ်တော်က မဲခွဲအတည်ပြုခဲ့ရာ
အမျိုးသမီး လွှတ်တော် အမတ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြကြောင်း မတ် ၂၂
ရက်သတင်းများတွင် ဖော်ပြသည်။
အဆိုပါ ဥပဒေကြမ်းသည် ကင်ညာနိုင်ငံ၌ ကျင့်သုံးဆဲ လက်ထပ်ထိမ်းမြား
မှုဆိုင်ရာဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ကင်ညာပါလီမန် က မတ် ၂၀
ရက် ညပိုင်းတွင် မဲခွဲအတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဥပဒေကြမ်းတွင် မူလကခင်ပွန်းသည်များ၏ ရွေးချယ်မှုကို တစ်
ချက်လွှတ်ပယ်ချပိုင်ခွင့် အမျိုးသမီးများအတွက် ပေးအပ်ထားသော်လည်း
နောက်ပိုင်းတွင် ယင်းပြဋ္ဌာန်းချက်ကို ကင်ညာအမျိုးသား အမတ်များက
ဖြုတ်ချနိုင်ခဲ့သည်။
လက်ထပ်ထိမ်းမြားမှုဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်၌ မဲခွဲအတည် ပြုစဉ်
ကင်ညာပါလီမန်၏ အမျိုးသမီးလွှတ်တော်အမတ် ၆၉ ဦးတို့က ယင်းဥပဒေကြမ်းအား
ကန့်ကွက်သည့်အနေဖြင့် လွှတ်တော်ခန်းမတွင်းမှ ထွက်ခွာသွားကြကြောင်း
သတင်းများတွင် ဖော်ပြထားသည်။
အခြား အာဖရိကနိုင်ငံများကဲ့သို့ပင် ကင်ညာနိုင်ငံသည် အမျိုးသားများ
မယားများများယူသည့် အစဉ်အလာကိုကျင့်သုံးခွင့်ပြုထားသော်လည်း
အမျိုးသမီးများမှာ ယောက်ျားတစ်ဦးထက် ပိုယူခွင့်မရှိပေ။
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment