ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်းလေယာဉ်နှင့် ဆက်နွှယ်နေဖွယ်ရှိသော
အပျက်အစီးအပိုင်းအစမျောကြီး တစ်ခုကို ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံအား
တရုတ်က မတ် ၂၂ ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီးနောက် လေယာဉ်ပျောက်ရှာဖွေရေးအတွက်
မျှော်လင့်ချက် မြင့်တက်လာခဲ့သည်။
တရုတ်သိပ္ပံနည်းပညာ
စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ခဲ့သော မတ် ၁၈ ရက်တွင် ရိုက်ကူးထားသည့်
ဓာတ်ပုံ၌ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် အလျားအနံ ၇၄ ပေ ၄၃ ပေရှိသော
အပျက်အစီး အပိုင်းအစကြီးတစ်ခုကို တွေ့မြင်ခဲ့ရသည်။ သြစတြေးလျက မတ် ၂၀
ရက်တွင် ထုတ်ပြန်ခဲ့သော ဂြိုဟ်တု ဓာတ်ပုံတွင်းမှ နေရာနှင့် ၇၅ မိုင်ခန့်
ကွာဝေးသောနေရာတွင် ယင်းအပျက်အစီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးပေါ်
နည်းပညာများ တပ်ဆင်ထားသော ရေငုပ်သင်္ဘော ဖျက်လေယာဉ် Orion လေးစင်း အပါအ၀င်
လေယာဉ် ခြောက်စင်းသည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ အနောက်တောင်ဘက် မိုင်
၁၅၀၀ ခန့် ဝေးသောနေရာတွင် အပျက်အစီးအပိုင်းအစကို သုံးရက်ဆက် ရှာဖွေခဲ့ပြီး
မည်သည့် အပိုင်းအစမျှ မတွေ့ရှိခဲ့ပေ။
မလေးရှား
သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်သည် နေ့စဉ်ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲ၌ တရုတ်ဂြိုဟ်တု ဓာတ်ပုံသစ်ကို ထုတ်ပြန်ခဲ့ခြင်း
ဖြစ်သည်။ တရုတ်၊ ဗြိတိန်နှင့် သြစတြေးလျ ရေတပ်သင်္ဘောများသည် ယင်းနေရာတွင်
ရှာဖွေနေကြပြီး ဂြိုဟ်တုဓာတ်ပုံသစ်က ရှာဖွေရေးအတွက် အင်အားတိုးမြှင့်ရန်
တွန်းအား ဖြစ်စေမည်ဖြစ်သည်။
အတည်ပြုရန်အတွက် တရုတ်ကသင်္ဘောများ
စေလွှတ်သွားမည်ဖြစ်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဟူစိန်က
ပြောကြားခဲ့သည်။ အပျက်အစီးအပိုင်းအစ ရှိနေသောနေရာသည် ပျောက်ဆုံးနေသော
လေယာဉ် ပျံသန်းခဲ့ဖွယ်ရှိသော ခရီးလမ်းကြောင်း နှစ်ခုအနက် တစ်ခု၏
ဧရိယာအတွင်း ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
လေယာဉ်ရှာဖွေရေး
ဧရိယာသည် စတုရန်မိုင် ၁၃၉၀၀ ရှိနေပြီး ရေအောက်စောင့်ကြည့်ရေး ကိရိယာများ၊
အပျက်အစီးအာရုံခံ နေရာပြကိရိယာများ အသုံးပြု ရှာဖွေနေကြသည်။
လေယာဉ်ရှာဖွေရေးအတွက် ထိုင်းနိုင်ငံမှ ကက်စပီယံကမ်းခြေအထိ ကျယ်ပြန့်သော
မြောက်ဘက်စင်္ကြံ ဧရိယာတွင် နိုင်ငံများက ၎င်းတို့ဝေဟင်ပိုင်နက်အတွင်း
လေယာဉ်ပျံသန်းခဲ့သည့် အချက်ပြရေဒါ မှတ်တမ်းများကို ရှာဖွေနေကြသည်။
သို့သော် တရုတ်၊ လာအို၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာ၊ ကာဂျစ္စတန်၊
ကာဇက်စတန်တို့က မည်သည့် အချက်ပြမှုမျှ မတွေ့သေးကြောင်း ဟီရှာမူဒင်က မတ် ၂၂
ရက်တွင် ပြောကြားခဲ့သည်။ လေယာဉ်ပျောက် ရှာဖွေရေးအတွက် ရေအောက်အာရုံခံ
ကိရိယာများ ကူညီပေးရန် မလေးရှားကာကွယ်ရေးဝန်ကြီးထံမှ တောင်းဆိုမှုကို
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက စဉ်းစားနေသည်။
Eleven Media Group
No comments:
Post a Comment