17 March 2014
ဖိလစ်ပိုင်အစိုးရနှင့် မွတ်ဆလင်သူပုန်တို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်
မနီလာ၊ မတ် ၁၆
အာရှတိုက်၏ အရှည်ကြာဆုံးနှင့် သေဆုံးမှု အများဆုံး လက်နက်ကိုင် တော်လှန်မှု တစ်ရပ်ဖြစ်သော ဖိလစ်ပိုင် မွတ်ဆလင် သူပုန်များ လက်နက်ကိုင် တော်လှန်မှု ရပ်တန့်နိုင်ရန် မတ်လ ၂၇ ရက်နေ့တွင် ဖိလစ်ပိုင် အစိုးရနှင့် မွတ်ဆလင်သူပုန်များ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသွားမည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။
သဘောတူညီချက်များကို ဇန်နဝါရီလအတွင်း စေ့စပ်ဆွေးနွေးခဲ့ပြီး မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး (MILF) လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကို ဖျက်သိမ်းပေးမည်ဖြစ်ကာ မွတ်ဆလင် အများစု နေထိုင်သည့် ဖိလစ်ပိုင် တောင်ပိုင်းဒေသတွင် အစိုးရအဖွဲ့နှင့် သူပုန်အဖွဲ့ အာဏာခွဲဝေ အုပ်ချုပ်သွားမည် ဖြစ်သည်။
“၁၇ နှစ်တာ ခက်ခက်ခဲခဲ ဆွေးနွေးပြီးနောက် နိုင်ငံရေး သဘောတူညီချက် ရရှိခဲ့ပါပြီ။ မင်ဒါနာအို ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးကို ဆောင်ယူလာပါလိမ့်မယ်” ဟု ဖိလစ်ပိုင်သမ္မတ ငြိမ်းချမ်းရေး အကြံပေး ဒဲလတ်က ပြောကြားသည်။
မွတ်ဆလင် သူပုန်များ၏ ဆယ်စုနှစ်များစွာချီ ကြာမြင့်သည့် လက်နက်ကိုင် တော်လှန်မှုကြောင့် လူပေါင်း ၁၅၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖိလစ်ပိုင် တောင်ပိုင်းဒေသမှာ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရသည်။
ယင်းကဲ့သို့သော လက်နက်ကိုင် သောင်းကျန်းမှုများ ပေါ်ပေါက်နေခြင်းကြောင့် အခြားသော အစ္စလာမ္မစ် လက်နက်ကိုင် အုပ်စုငယ်များလည်း ပေါ်ပေါက်ခဲ့ပြီး အချို့မှာ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း လှုပ်ရှားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် မွတ်ဆလင်ဦးရေ ငါးသန်းခန့်အထိရှိပြီး နိုင်ငံတောင်ပိုင်းဒေသကို မိမိတို့ ဘိုးဘွားပိုင် ဒေသဖြစ်သည်ဟု မှတ်ယူထားကာ ၁၉၇၀ ပြည့်လွန် နှစ်များမှ စတင်ပြီး MILF အဖွဲ့က ဦးဆောင်ပြီး လွတ်လပ်ရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ခဲ့သည်။
ငြိမ်းချမ်းရေးစာချုပ် လက်နက် ရေးထိုးပြီးသည့် နောက်တွင် မွတ်ဆလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေ တည်ထောင်ခွင့်ပြုမည့် ဥပဒေ ပြဋ္ဌာန်းပေးရန် ဖိလစ်ပိုင် ပါလီမန်ကို သမ္မတအကွီနိုက တောင်းဆိုပေးမည် ဖြစ်ပြီး ကိုယ်ပိုင်ရဲတပ်ဖွဲ့ ထားရှိခွင့်၊ ပါလီမန် တည်ထောင်ခွင့်၊ အခွန်ကောက်ယူပိုင်ခွင့်များ ပေးအပ်မည် ဖြစ်သည်။
ယင်းနောက်တွင် ဥပဒေကို ဒေသတွင်း ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပသွားမည် ဖြစ်ပြီး ဒေသဆိုင်ရာ ပါလီမန်ကို ၂၀၁၆ မေလတွင် စတင်ရွေးကောက်ရန် စီစဉ်ထားသည်။
ဖိလစ်ပိုင် အစိုးရနှင့် အခြားသော မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ဖြစ်သော မော်ရို အမျိုးသား လွတ်မြောက်ရေးတပ်ဦးကြား ၁၉၉၆ ခုနစ်တွင် ချုပ်ဆိုထားသော ငြိမ်းချမ်းရေးစာချုပ်ကို အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးရာ သဘောတူညီချက်သစ်ဖြင့် အစားထိုးသွားမည် ဖြစ်သည်။
ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ရရှိမည်ဟု ဖိလစ်ပိုင်အစိုးရနှင့် မွတ်ဆလင်သူပုန် နှစ်ဖက်စလုံးက ယုံကြည်နေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly
No comments:
Post a Comment