မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာတွင် ယနေ့နံနက်ပိုင်းက
မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မိမိအိမ်ကို မိမိဘာသာမီးရှို့ခဲ့သူအား
ကျေးရွာနေ မျက်မြင်သက်သေများ၏ သတင်းပေးချက်အရ သိရှိရသဖြင့်
စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်
သေဆုံးမှု မရှိကြောင်း သိရှိရသည်။
ယနေ့နံနက်(၁၀)နာရီကျော်ခန့်တွင် ဒုချီးရားတန်း အလယ်ရွာ၌
မီးလောင်မှုဖြစ်ပွားရာ ဘာသာရေး အဆောက်အအုံအငယ်တစ်လုံး၊ ဓနိမိုး၊ ထရံကာ
လူနေအိမ်(၁၂)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး နံနက်(၁၁)နာရီ (၄၅)မိနစ်ခန့်တွင်
မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ရခြင်းမှာ ယင်းကျေးရွာနေ ဆော်ဒီမူလာ(အသက်
၄၂ နှစ်) (ဘ)ဦးမိုက်တာက မိမိအိမ်ကို မိမိဘာသာဓာတ်ဆီဖျန်းပက်ပြီး
မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ယင်းကျေးရွာနေ ဒေါ်ဟာလာမာဟာဒူ (အသက် ၆၀)နှင့်
မဟာမီဒါ (အသက် ၃၀)တို့က မျက်မြင်သက်သေများအဖြစ် ထွက်ဆို ခဲ့ကြကြောင်း
သိရှိရသည်။
မီးစတင်လောင်ကျွမ်းနေကြောင်း သတင်းရရှိလျှင် ရရှိချင်း နယ်မြေခံရဲတပ်ရင်းမှ
ရဲမှူး မင်းဦး ဦးစီးအဖွဲ့၊ မောင်တောခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သောင်းထွန်း
ဦးစီးအဖွဲ့ပူးပေါင်း၍ အခင်းဖြစ်ပွားရာသို့ သွားရောက်ပြီး မီးငြှိမ်းသတ်
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ မွန်းလွဲ(၂)နာရီခန့်တွင်
ရဲတပ်ရင်းများကွပ်ကဲရေးမှူး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ
ဦးအောင်မြင့်သိန်း၊ ဒုချီးရားတန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်
တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊
မျက်မြင်သက်သေ နှစ်ဦး၏ထွက်ဆိုချက် များအရလည်းကောင်း၊
မီးစတင်လောင်ကျွမ်းသည့် ဆော်ဒီမူလာ၏နေအိမ်ရှိ စပါးကျီမှာ
ကြိုတင်ရွှေ့ပြောင်း ထားသည့် အနေအထားများတွေ့ရှိရခြင်း၊
မီးလောင်ကျွမ်းသည့်အချိန်တွင် ၎င်းတို့မိသားစုမှာ မီးငြှိမ်းသတ်မှုမရှိဘဲ
ထွက်ပြေးတိမ်းရှောင်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိရသဖြင့်လည်းကောင်း
ရှို့မီးဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်မှာ
“ဒုချီးရားတန်း အလယ်ကျေးရွာမှာ နေထိုင်နေတာ လက်ရှိလူဦးရေ ၄၅၀
လောက်ရှိပါတယ်။ တချို့ယောက်ျားတွေကတော့ နေ့ဘက်ရှောင်နေပြီး ညဘက်မှာ
ကိုယ့်နေအိမ်ကိုယ်ပြန်လာကြတာလည်းရှိပါတယ်။ အခုဖြစ်တာက ဆော်ဒီမူလာဆိုသူက
ဓာတ်ဆီထည့်ထားတဲ့ရေသန့်ဘူးကို အိမ်ပတ်ဝန်းကျင်မှာဝှေ့ယမ်းပက်ဖျန်းပြီး
မီးစတင်ရှို့ခဲ့တယ်လို့ အဲဒီရွာက မျက်မြင်သက်သေနှစ်ဦးက
ပြောပြတဲ့အထောက်အထားခိုင်ခိုင်လုံလုံရရှိပါတယ်။ သူတို့ကို
စစ်ဆေးတဲ့အချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူနဲ့ကျေးရွာစာရေး
ဦးသန်းထွန်းဦးတို့ သက်သေအဖြစ်ရှိပြီး စကားပြန် အဖြစ် အိုလီ ဆိုသူက
မေးမြန်းဖြေကြားပေးတာဖြစ်ပါတယ်။ ဆော်ဒီမူလာဆိုတဲ့သူက ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်း ဖြစ်စဉ်မှာပါဝင်တယ်လို့ သံသယရှိသူဖြစ်ပြီး တရားခံပြေးအဖြစ်
သတ်မှတ်ခံထားတဲ့သူလည်း ဖြစ်ပါတယ်။ အခု မီးလောင်မှုကြောင့်
ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ငွေကျပ် ခြောက်သိန်းလေးသောင်းလောက် ရှိမယ်လို့
ခန့်မှန်းထား ပါတယ်”ဟု ပြောပြခဲ့သည်။
MOI Webportal Myanmar
No comments:
Post a Comment