ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)
ခရီးသည်နဲ့ အမှုထမ်းစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ MH370 မလေးရှားလေယာဉ် ပျောက်ဆုံးနေတာ ရက်သတ်တပတ် ၄ ပတ် ရှိနေပါပြီ။
အိန္ဒိယ သမုဒ္ဒရာတွင်း ပစ္စည်းတချို့ တွေ့ထားတယ်ဆိုတဲ့ ရှာဖွေရေး
ဧရိယာအသစ်မှာ လေယာဉ်တွေက ပျောက်ဆုံးလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို မတ်လ
၂၉ ရက်နေ့က ဆက်လက်ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် နယူးဇီလန်နိုင်ငံ
လေတပ်အခြေစိုက်စခန်းကို ပြန်ရောက်လာတဲ့ တော်ဝင်လေတပ်ဗိုလ်ကြီးနဲ့
လေယာဉ်မှူးတို့ကတော့ အဲဒီပစ္စည်းတွေဟာ လိမ္မော်ရောင် စာတမ်းတွေနဲ့
အစိမ်းရောင် ငါးဖမ်းကြိုးတွေ ငါးဖမ်းပိုက်တွေ ဖြစ်နေလို့
ငါးဖမ်းယာဉ်တစီးက အမှိုက်သရိုက်တွေသာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီနေ့အတွက် စိတ်ပျက်စရာ အကောင်းဆုံးကတော့ ရာသီဥတု အခြေအနေတွေက ရှာဖို့
တကယ့်ကို ကောင်းနေပေမယ့် မြင်ခဲ့သမျှ အရာတိုင်းက ငါးဖမ်းလုပ်ငန်းသုံး
ရေပေါ်ပေါ်တဲ့ ဗော်ယာတွေချည်းပါပဲ ကျနော်တို့ ပင်လယ်သတ္တ၀ါတွေ လင်းပိုင်တွေ
ဝေလငါးတွေကိုတောင် မြင်ခဲ့ပါသေးတယ်လို့ နယူးဇီလန် တော်ဝင်လေတပ်ရှာဖွေရေး
လေယာဉ်က ဗိုလ်ကြီး ရော့ဒ် ရှီယာရာက ပြောပါတယ်။
တရုတ်စစ်လေယာဉ် တစီးကတော့ သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အနောက်ဘက် မိုင်
၁၁၅၀ အကွာမှာ သံသယဖြစ်ဖွယ် အရောင်မျိုးစုံနဲ့ ပစ္စည်းတွေကို မတ်လ ၂၉
ရက်နေ့က တွေ့ထားတယ်လို့ ရှင်းဟွာ သတင်းဌာနက ဆိုပါတယ်။
ပျောက်ဆုံးမလေးရှားလေယာဉ်ဟာ မတ်လ ၈ ရက်နေ့က အရပ်ဖက် ရေဒါမျက်နှာပြင်က
ပျောက်သွားခဲ့ ပြီးတဲ့နောက် ပိုပြီး မြန်မြန် မောင်းနှင်ခဲ့တယ်လို့
ရေဒါနဲ့ ဂြိုလ်တုကရတဲ့ အချက်အလက်တွေအပေါ် သုံးသပ်ချက် အသစ်က ဆိုပါတယ်။
အဲဒီနောက် မတ်လ ၂၈ ရက်နေ့က ရှာဖွေရေး ဧရိယာကို နဂိုခန့်မှန်းဒေသရဲ့
မြောက်ဘက် ၆၈၅ မိုင်အကွာ နေရာကို သြစတြေးလျ အာဏာပိုင်တွေက
ပြောင်းရွှေ့သတ်မှတ်ခဲ့ပါတယ်။
ကျန်ခဲ့တဲ့ ရက်သတ်တပတ်ကတော့ မလေးရှားဝန်ကြီးချုပ်က လေယာဉ်ပေါ်ပါသမျှအားလုံး
သေဆုံးကုန်ပြီလို့ ယူဆရကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့်
မိသားစုဝင်တွေကတော့ လေယာဉ်ပေါ်က သူတို့ မိသားစုဝင်တွေ အသက်ရှင်လျက်
ရှိသေးတယ်လို့ မျှော်လင့်ကြကြောင်း မီဒီယာတွေကို ပြောခဲ့ကြပါတယ်။
လေယာဉ်ပေါ် လိုက်ပါသွားသူ IBM အမှုဆောင်အရာရှိက လေယာဉ်ပြန်ပေးဆွဲခံရပြီး
သူ့ကို တခြားလူတွေနဲ့ ခွဲခြားချုပ်နှောင်ထားခံရတယ်လို့ ဖိုရမ်တခုပေါ်မှာ
ရေးခဲ့ကြောင်း သတင်းမီဒီယာ မဟုတ်တဲ့ အင်တာနက်စာမျက်နှာတချို့ပေါ်မှာ
ပျံ့နှံ့နေပါတယ်။
လောလောဆယ်မှာတော့ လေယာဉ်ပျောက် ရှာဖွေရေးကို နိုင်ငံပေါင်း ၂ဒါဇင်က
လေယာဉ်နဲ့ သင်္ဘောအစီး ၆၀ လောက်က ရှာဖွေနေတာပါ ဒါပေမယ့် လေယာဉ်ပျောက်နဲ့
ဆက်စပ်တဲ့ ဘာသက်သေပစ္စည်းကိုမှ ရှာဖွေတွေ့ရှိကြောင်း
အတည်မပြုနိုင်သေးပါဘူး။
By ဒီဗွီဘီ
No comments:
Post a Comment