13 March 2014
ပျောက်ဆုံးလေယာဉ်ကို ဆက်ရှာမည်ဟု တရုတ်ပြော
ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေဖို့ တရုတ်နိုင်ငံက လုံးဝဇွဲမလျော့ဘူးလို့ တရုတ်ဝန်ကြီးချုပ် လီခေချန်က ဒီနေ့ ပြောဆိုခဲ့ပါတယ်။
မလေးရှားလေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် MH370 ဟာ မတ် ၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေတာဖြစ်ပြီး ခရီးသည် စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ကြပါတယ်။ ခရီးသည်တွေရဲ့ ၁၅၃ ဦးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။
“ခရီးသည်တွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေဟာ သူတို့အတွက် အရမ်းကို ပူပန်သောက ရောက်နေကြပါတယ်။ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေဟာလည်း သူတို့တွေ ဘေးကင်းလုံခြုံရေးအတွက် အလွန်စိုးရိမ်နေကြတာပါပဲ။ ကျနော်တို့ အာလုံးဟာ သူတို့အတွက် ဘယ်လိုသတင်းအစအနလေးပဲ ရရ စောင့်မျှော်နေကြပါတယ်” လို့ ၀န်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ လေယာဉ်ပျောက်ရှာဖွေရေးမှာ လောလောဆယ် သင်္ဘော ၈ စီးနဲ့ ပါဝင်နေပြီး နောက်ထပ်တစီးလည်း ပူးပေါင်းပါဝင်ဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
ရှာဖွေရေးလုပ်ငန်းတွေအတွက် ဆက်သွယ်ရေးဂြိုဟ်တု ၁၀ လုံးကိုလည်း အသုံးပြုထားတယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။
“ဘယ်လို သဲလွန်စလေးပဲ ရရ ကျနော်တို့ လုံးဝဇွဲမလျော့ပါဘူး” လို့ ၀န်ကြီးချုပ်က တရုတ်ကွန်ဂရက်ပါတီရဲ့ နှစ်ပတ်လည်ညီလာခံ ပိတ်ပွဲနေ့မှာ ပြောကြားခဲ့ပါသေးတယ်။
လေယာဉ်ဟာ ရေဒါပေါ်က ပျောက်ကွယ်သွားပြီး နာရီအတန်ကြာ ပျံသန်းနေသေးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့အပြီးမှာ တရုတ်ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
DVB Burmese
No comments:
Post a Comment